ဇွန်၊ ၂၂
ချင်းပြည်နယ် ပလက်ဝဒေသက စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ အိန္ဒိယနိုင်ငံထဲက စစ်ဘေး ရှောင်စခန်းတခုမှာ စာသင်ကျောင်းတွေအတွက် ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းသုံး ပစ္စည်းတွေ လိုအပ်ချက် များနေပြီး အတန်း တတန်းစီအတွက် ပြဌာန်းစာအုပ်တစုံစီသာ အသုံးပြု သင်ကြားနေရတယ်လို့ အဲ့ဒီစခန်းတာဝန်ရှိသူတွေဆီက သိရပါတယ်။
“ ကျောင်းသားတွေအတွက်က စာအုပ် လုံးဝ မရဘူးလေ၊ ဆရာ/ မ လက်ကိုင်စာအုပ်နဲ့ပဲ သင်ကြားတဲ့အချိန်မှာ ဆရာ/ မ တွေ ကြည့်ဖို့ပဲ၊ အဲလောက်ပဲ စာအုပ်က ရှိတယ် ” လို့ စစ်ရှောင်စခန်းက စာသင်ကျောင်းမှာ သင်ကြားပေးနေတဲ့ ဆရာတဦးက DNA ကို ပြောပါတယ်။
ပလက်ဝ ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသခံတွေဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ကာ ခိုလှုံနေကြရပြီး မီဇိုရမ်ပြည်နယ်၊ လောင်တခရိုင် ထဲက စစ်ရှောင်စခန်းသုံးခုမှာ အခြေခံပညာ ကျောင်းသား (၁၅၀)ဝန်းကျင်အတွက် စာသင်ကျောင်း သုံးကျောင်း ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။
အဲ့ဒီကျောင်းတွေမှာ မူလတန်းကနေ ရှစ်တန်းအထိ ကျောင်းသားတွေကို သင်ကြားပေးနေတာဖြစ်ပြီး ကျောင်းသုံး ပုံနှိပ်စာအုပ်ကစလို့ စာရေးကိရိယာ၊ ကျောင်းသုံးပရိဘောဂ၊ ဆရာဆရာမ နည်းပါးမှု၊ ဆရာ၊ ဆရာမတွေကို ထောက်ပံ့နိုင်မှုတွေ အထိ အခက်အခဲကြုံနေကြရတာလို့ ဆိုပါတယ်။
လက်ရှိ လောင်တ ခရိုင်ထဲက စစ်ရှောင်စခန်းသုံးခုမှာ ရှိတဲ့ ကျောင်းသားဦးရေ (၁၅၀) ဝန်းကျင်ကို စုစုပေါင်း ဆရာ၊ ဆရာမ ရှစ်ဦးနဲ့ သင်ကြားပေးနေတယ်လို့ သိရပါတယ်။
“ သူတို့ (ကလေးတွေ)မှာ ဗလာစာအုပ်မှာပဲ ကူးရေးရတယ်၊ ကျောင်းသားတွေကလည်း ငယ်ငယ်လေးတွေပဲ ရှိသေးတယ်၊ ဆရာမတွေ စာသင်ချိန်မှာ နားမလည်တာကို အိမ်မှာ ပြန်ပြီး စာတွေလုပ်လို့မရဘူး၊ သူတို့ရေးထားတဲ့ စာတွေကို ပြန်မမှတ်မိတာတွေလည်း ဖြစ်တယ် ” လို့ အထက်ပါကျောင်းဆရာက ပြောပါတယ်။
အဲ့ဒီလို လိုအပ်ချက်တွေ များပြားနေတာနဲ့ပတ်သက်လို့ ပလက်ဝမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဆီ အသိပေး အကူအညီတောင်းထားပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ကူညီပေးဖို့ အကြောင်းပြန်ထားပေမယ့် လက်ရှိအထိတော့ ဘယ်အဖွဲ့အစည်းဆီကမှ အကူအညီမရသေးဘူးလို့ သူကဆိုပါတယ်။
လက်ရှိ စစ်ရှောင်ကျောင်းသားတွေကို စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကိုတော့ ကျောင်းသားမိဘတွေက နေ့စား အလုပ်လုပ်ကိုင်ရရှိတဲ့ ဝင်ငွေနဲ့ စုပေါင်းထောက်ပံ့နေကြတယ်လို့ သိရပါတယ်။
“ ချင်းပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေက မီဇိုရမ်မှာ အခက်အခဲများစွာနဲ့ စစ်ဘေးရှောင်ရတယ်၊ ပြည်တွင်း ပြည်ပက ချင်း အသိုင်းအဝိုင်းအနေနဲ့လည်း ကိုယ့်လူမျိုးတွေကို ကိုယ့်ချင်းလူမျိုး ပီသစွာနဲ့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေး စေချင်တယ်၊ အဓိကက ကလေးတွေပေါ့နော်။ သူတို့မှာ ဘာမှ မသိနားမလည်ဘူး ” လို့ အဲဒီစစ်ဘေးရှောင်စခန်းက ကျောင်းဆရာက ပြောပါတယ်။
ပလက်ဝမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဒေသတွေမှာရှိတဲ့ ကျေးရွာပေါင်း ၆၅ ရွာနဲ့ စစ်ဘေးရှောင်စခန်း ကိုးခုမှာ ကြားကာလ ပြည်သူ့အခြေပြုပညာရေးလုပ်ငန်း တွေ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
အဲ့ဒီစာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမ အင်အား နည်းပါးတာ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးကျပ်တည်းမှု တွေကြောင့် ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ စာရေးကိရိယာတွေ ဝယ်ယူနိုင်ဖို့ ခက်ခဲတာ၊ လုပ်အားပေးဆရာ၊ ဆရာမတွေ ကို ထောက်ပံ့ကြေးပေးဖို့ ခက်ခဲတာ စတဲ့လိုအပ်ချက်တွေ ရှိနေတယ်လို့ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့က အသိပေးထားပါတယ်။
လက်ရှိမှာ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ပညာရေးရန်ပုံငွေအဖြစ် ကဲစမ်းမဲလက်မှတ် ရောင်းချတဲ့ အစီအစဉ်ပြုလုပ်ထားပေမယ့် ဝယ်ယူသူနည်းပါးနေပြီး ရည်မှန်းချက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ ရောင်းချရသေးတယ်လို့လည်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့က အသိပေးထားပါတယ်။
ဓာတ်ပုံ – Paletwa Township Education Board