လမိုင်းမြို့က လဝကဦးစီးမှူးဟောင်းတဦးရဲ့ ဇနီး ပစ်ခတ်ခံရလို့ သေဆုံး

ဇွန်၊ ၂၂
 
မွန်ပြည်နယ်၊ လမိုင်းမြိုနယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက)ဦးစီးမှူးဟောင်းတဦးရဲ့ ဇနီးဖြစ်သူကို ရေးဘီးလူး တော်လှန်ရေးအဖွဲ့က ဇွန်လ ၂၂ ရက် ဒီနေ့မှာ ပစ်ခတ်ခဲ့လို့ နေရာမှာပင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
“ သူ့ယောကျာ်းက လဝက ဦးစီးမှူးဟောင်း ဆိုတော့ သူတို့က ဒီ မှတ်ပုံတင်တွေ ဘာတွေ လုပ်ပေးတယ်။ ပြီးလို့ရှိရင် ပြည်သူတွေဆီကနေ မတရား ခေါင်းပုံဖြတ် မှတ်ပုံတင်လုပ်ပေးတယ်။ စစ်ကောင်စီနဲ့ သူတို့နဲ့ ပူးပေါင်းပြီး ရုံးတွေ ပိတ်ထားပြီး ဝန်ထမ်းအိမ်ယာမှာ လုပ်ပေးတယ်။ ဒါကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာပါ “ လို့ ပစ်ခတ်ခဲ့တဲ့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
 
သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ ရေးမြို့ ဇာတိ အသက် (၅၅)နှစ်အရွယ် ဒေါ်စန်းမြင့်ကြွယ် ဖြစ်ပြီး သူမရဲ့ အမျိုးသားဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ရေးမြို့နယ် လဝက ဦးစီးမှူးဟောင်းတဦး လည်း ဖြစ်တယ်လို့ သိရပါတယ်။
 
နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ပြုလုပ်ပေးရာမှာ ပွဲစားတဦးအဖြစ် လူသိများတဲ့ ဒေါ်စန်းမြင့်ကြွယ် ကို ရေးဘီလူး တော်လှန်ရေးအဖွဲ့က ဒီကနေ့ မနက်မှာ လမိုင်းမြို့ နာရီစင်အနီးမှာ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာပါ။
 
ဒါ့အပြင် ရေးဘီလူး တော်လှန်ရေးအဖွဲ့ဟာ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာ က စစ်ဆင်ရေးကွပ်ကွဲမှုဌာန ၁၉ လက်အောက်ခံ စစ်ကောင်စီတပ်သား ရှစ်ဦး စောင့်နေတဲ့ စစ်ရေးဂိတ်ကိုလည်း ဒီကနေ့ မနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
 
အဲဒီလိုတိုက်ခိုက်မှုမှာ တော်လှန်ရေးအဖွဲ့က အထိအခိုက်မရှိခဲ့ပဲ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိပေမယ့် မိုးရွာသွန်းနေလို့ လက်နက်တွေ မယူခဲ့ရဘူးလို့လည်း ဆက်လက်ပြောကြားပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေဟာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ သတင်းပေးတွေ၊ အငြိမ်းစား စစ်မှုထမ်း၊ ရဲမှုထမ်း တွေကို စစ်ကောင်စီထောက်တိုင် တွေအဖြစ် သတ်မှတ်ပြီး ပစ်ခတ်ရှင်းလင်းလေ့ရှိပါတယ်။
 
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကနေ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နှစ်နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြောင့် အရပ်သားသေဆုံးတာ ၅၄၄၇ ဦးနဲ့ ဒဏ်ရာရသူ ၄၅၇၇ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
အဲဒီလို သေဆုံးသူတွေထဲမှာ ကလေးသူငယ် ၁၅၆ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၇၄၄ ဦး၊ ပညာရေးဝန်ထမ်း ၇၁ ဦးနဲ့ အခြားဌာနဆိုင်ရာဝန်ထမ်းတွေ၊ သံဃာတော်တွေ၊ သီလရှင်တွေလည်း ပါဝင်တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ပွဲတွေမှာ စစ်သည်တော်ကျင့်ဝတ် နဲ့အညီ လိုက်နာဆောင်ရွက်ဖို့ နဲ့ အရပ်သားပစ်မှတ်တွေကို မထိခိုက်စေဖို့ မကြာခဏပြောကြားတာ တွေ့ရပါတယ်။
 
ဓာတ်ပုံ – CJ