မန္တလေးက ရွှေဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်း ၁၂ ခု ပိုင်ရှင်တွေကို တပတ်ကြာတဲ့ အထိ ပြန်မလွှတ်ပေးသေး

ဇွန်၊ ၂၂
 
မန္တလေးမြို့က ရွှေရောင်းဝယ်ရေး လုပ်ကိုင်သူနဲ့ ရွှေသန့်စင်ရေး လုပ်ငန်းဆောင်ရွက်တဲ့ လုပ်ငန်း ၁၂ ခု က ပိုင်ရှင်တွေကို စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)က တပတ်ကြာတဲ့အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
“ အခုထိတော့ ဖမ်းထားဆဲပဲပေါ့။ စစစ ရုံးထဲမှာပဲ သူတို့အားလုံးကို ထားတယ်။ မိသားစုနဲ့ကတော့ အဆက်သွယ်ရကြပါတယ်။ လွတ်လွတ်လပ်လပ်လည်း သွားလာခွင့်ရှိတယ်လို့တော့ ကြားတယ်။ ဒါပေမယ့် ဝေးဝေးလံလံတော့ သွားမရလောက်ဘူး “ လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
 
အဲဒီရွှေလုပ်ငန်းရှင် ၁၂ ဦးကို ဒီလ ၁၅ ရက်က စစ်ကောင်စီက ဖမ်းဆီးပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ရုံးမှာ စစ်ဆေးမှုတွေ လုပ်နေတာလို့လည်း အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။
 
ရွှေလုပ်ငန်းရှင် ၁၂ ဦးဟာ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်မပြောကြပေမယ့် နာမည်ကြီးရွှေဆိုင်ပိုင်ရှင်တွေ ပါဝင်ပြီး ရွှေစျေးကစားတာတွေရှိလို့ စစ်ဆေးတွေ့ရှိပါကာ အရေးယူခံရနိုင်တယ်လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
 
ဒီလ အစောပိုင်းတုန်းကလည်း မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်လုပ်ငန်းတွေကို စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်၊ ထွေအုပ်၊ တရားဥပဒေစိုးမိုးရေးအဖွဲ့ တွေက ပူးပေါင်းပြီး စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
 
စစ်ကောင်စီလက်အောက်ခံ ရွှေနဲ့ ငွေကြေးစျေးကွက် စောင့်ကြည့်ကြပ်မတ်ရေးလုပ်ငန်း ကော်မတီက ဦးဆောင်ကာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို ငွေကြေးခဝါချမှုနဲ့ ရွှေစျေးကစားရင် အရေးယူတာတွေ လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။
 
ရွှေလုပ်ငန်းရှင်တွေ ဖမ်းဆီးခံရပြီးနောက် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း က ဒီလ ၁၉ ရက် စပြီး မီးလင်းရွှေ တွေကို တစ်ကျပ်သား ကျပ်သိန်းသုံးဆယ် ငါးသောင်းနှုန်းနဲ့ ရောင်းချပေးခဲ့ပြီး ဒီကနေ့မှာတော့ ကျပ်သိန်းသုံးဆယ် သုံးသောင်းငါးထောင်နှုန်း အထိ စျေးနှုန်းလျော့ချ ရောင်းပေးနေတယ်လို့ လုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
 
စစ်ကောင်စီက ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင်တွေကို အခုလိုဖမ်းဆီး စစ်ဆေးတာတွေကို ဖိအားပေး လုပ်နေပေမယ့် အခေါက်ရွှေ တကျပ်သားကို ပြင်ပမှာ ကျပ် ၃၂ သိန်းအထိ မြင့်တက်နေသလို အခေါက်ရွှေကို အရောင်းအဝယ် သိပ်မလုပ်တော့ဘူးလို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ အမေရိကန်တဒေါ်လာကို ၁၈၀၃-၁၉၅၈ကျပ်၊ ရွှေတကျပ်သားကို ၁၃သိန်းကျော် ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ရွှေတကျပ်သား ၃၅ သိန်းနဲ့ တဒေါ်လာကို ၄၁ဝဝ ကျပ်ဝန်းကျင်အထိ အမြင့်ဆုံးစျေးတက်ခဲ့ပါသေးတယ်။
 
စစ်ကောင်စီဟာ ရွှေစျေးနဲ့ အမေရိကန်ဒေါ်လာစျေး ကျဆင်းဖို့ ရွှေကုန်သည်တွေ၊ နိုင်ငံခြားငွေရောင်းဝယ်သူတွေကို မကြာခဏထိန်းသိမ်းလေ့ရှိပေမယ့် စျေးနှုန်းတွေ ကျဆင်းမသွားဘဲ အတက်ဘက်ပဲ ဦးတည်နေတာ ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Google