စစ်ကောင်စီတပ် ဖမ်းသွားတဲ့ သာဇင်ရွာသား ၂၅ ဦး ဆယ်ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

ဇွန်၊ ၂၂
 
စစ်ကိုင်တိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတဲ့ သာဇင်ကျေးရွာ ဒေသခံရွာသား ၂၅ ဦး ဟာ ဇွန်လ ၂၂ ရက် ဒီကနေ့ ဆယ် ရက်ကြာတဲ့အထိ ပြန်မလွတ်ပေးသေးဘူးလို့ သိရပါတယ်။
 
“ ပြန်မလွတ်သေးပါဘူး၊ သူတို့နဲ့ပတ်သက်ပြီး ဘာသတင်းမှလည်း အစအန မရသေးဘူး၊ စစ်တပ်လက်ထဲ ရောက်သွားရင်တော့ အသက်အန္တရာယ် စိုးရိမ်ရတာချည်းတာပဲ။ သူတို့က ဓားစာခံအနေနဲ့ စစ်ကြောင်းနဲ့ ပါသွားတာပါ၊ လောလောဆယ် အစအန သတင်းကို မရသေးတာပါ ” လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။
 
အင်အား ရာဂဏန်းရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဆားတောင်မြို့ အနောက်ဖက်အခြမ်းက သာဇင်၊ အိုင်းဓမ နဲ့ အင်းစ ကျေးရွာတွေကို ဇွန်လ ၁၃ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ထွက်မပြေးနိုင်တဲ့ ဒေသခံအရပ်သားတွေကို ဖမ်းဆီးခဲ့တာပါ။
 
အဲ့ဒီအချိန်တုန်းက ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး အယောက် နှစ်ဆယ်ခန့်လည်း ပါဝင်ခဲ့ပေမယ့် နောက်ပိုင်း အမျိုးသမီးတွေကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်ရှိအမျိုးသား သက်လတ်ပိုင်း ၂၅ ဦး ကိုတော့ ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကတော့ ဖမ်းဆီးခံထားရသူတွေထဲက အင်းစနဲ့ အိုင်းဓမ္မ ရွာသား ငါးဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး သာဇင်ရွာသား ၂၅ ဦးကို ဆက်လက်ဖမ်းဆီးထားကာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကို စစ်ကောင်စီတပ်တွေက သူတို့ကို ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် သတ်ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။
 
“ အခု သူတို့က ဝက်လက်ဘက်မှာ စစ်ကြောင်းထိုးနေတယ်၊ ထုံစံအတိုင်း ရွာတွေလည်း မီးရှို့နေတယ်၊ သာဇင်ဖက်က ဖမ်းသွားတဲ့ ဓားစာခံ ပြည်သူတွေလည်း ပါတယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ သူတို့မထိခိုက်အောင် အတတ်နိုင်ဆုံး ရှောင်ရှားပြီး ပစ်ရခတ်ရတာပေါ့၊ ကြားထဲမှာ သူတို့လုပ်လိုက်လို့ သေသွားရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ထိုးချတာမျိုးတော့ လုပ်တယ်၊ ဒါပေမယ့် ပြည်သူက သိပါတယ် ဘယ်သူဒါမျိုးလုပ်လဲ ဆိုတာကို “ လို့ အမည်မဖော်လိုတဲ့ ဆားတောင်မြို့နယ်ခံ တဦးက ထပ်ပြောပါတယ်။
 
စစ်ကိုင်းမြို့၊ တာတိုင်ကျေးရွာ မှာလည်း ဒေသခံအရပ်သား ၁၆ ဦးထက်မနည်းကို စစ်ကောင်စီတပ်တွေဟာ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တရပ် ၂၀၂၃ ခုနှစ်၊ မတ်လထဲက ဖြစ်ပွါးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကိုင်းမြို့၊ သာဇင်ကျေးရွာ ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက်၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်က တွေ့ရစဉ်။