လေးမျက်နှာမြို့နယ်ထဲက တောင်ခြေရွာတွေမှာ စစ်ကောင်စီက အထိုင်ချဖို့ကြိုးစားနေပြီး ဒေသခံအများအပြားကို ဖမ်းဆီးစစ်ဆေးနေ

ဇွန် ၊ ၂၂

ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ်ထဲက ရိုးမတောင်ခြေအနီး ကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေပြီး ဇွန်လ ပထမပတ်အတွင်းမှာပဲ ဒေသခံ ၃၀ ခန့် အဖမ်းခံထားရတယ်လို့ သိရပါတယ် ။ 

“ အဖမ်းခံရတဲ့ အများစုက လေးမျက်နှာ အနောက်ခြမ်း တောင်ခြေနဲ့နီးတဲ့ ဝက်ကုန်းအုပ်စု ၊ ချင်းလည်အုပ်စု ၊ ဝါးတောကွင်းအုပ်စု ၊ ကျောင်းကွင်း ၊ ကညင်တိုင်းအုပ်စုတွေဘက်မှာ ဖမ်းနေတာ ။ သုံးဆယ်အထက်မှာတောင် ရှိနေပြီထင်တယ်”လို့ လေးမျက်နှာမြို့ပေါ်က အရောင်းအဝယ်လုပ်ကိုင်သူတဦးက ပြောပါတယ် ။ 

တောင်ခြေရွာတွေမှာ နေထိုင်သူအများစုဟာ အနောက်ရိုးမကို မှီခို လုပ်ကိုင်စားသောက် ကြရပြီး ၊ လက်ရှိအချိန်မှာ စစ်ကောင်စီဘက်က အမိန့်တစုံတရာ ထုတ်ထားတာ မရှိပေမယ့် ဘယ်သူမှ တောင်ပေါ်ကို မတက်ရဲကြတော့ဘူးလို့လည်း သိရပါတယ် ။ 

“အများစုက သစ် ၊ မီးသွေး လုပ်တဲ့သူတွေကို လိုက်ဖမ်းနေတာ ။ ရှတော( ရှားတောရွာ)က ထွန်စက်မောင်းတဲ့ ကျောင်းဆရာလူထွက်တယောက်ရယ် ၊ သစ်သမားတယောက်ရယ် ။ သစ်သမားဆို သူ့လယ်တွေရဲ့ ပုံစံခွန်တွေကိုပါ သိမ်းသွားတာ”လို့ ဝက်ကုန်းအုပ်စုတွင် နေထိုင်သူတဦးက DNA ကိုပြောပါတယ် ။ 

လေးမျက်နှာမြို့နယ်မှာ စစ်တပ်က ဒေသခံတွေကို တောင်ပေါ်က PDF တွေကို ကူညီပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းနေတာလို့ သိရပါတယ် ။

ဖမ်းဆီးခံရသူတွေထဲက တချို့ကို ပုသိမ်ခေါ်ပြီး စစ်ဆေးတာတွေ ရှိသလို ၊ တချို့ကိုတော့ ဟင်္သာတကို ခေါ်ပြီး စစ်ဆေးတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ် ။ “ စစ်ကြောရေးတွေ ပြီးရင်တော့ ၊ လေးမျက်နှာမြို့မ စခန်းမှာ ပြန်ထားတယ်”လို့ သူက ပြောပါတယ် ။ လေးမျက်နှာမြို့မ စခန်းပြန်ရောက်သူတွေ အနေနဲ့ မိသားစုနဲ့ တွေ့ခွင့်ရတာတွေ ရှိသလို ၊ တချို့တွေကတော့ ငွေပေးပြီး ပြန်ထုတ်ပေးတာမျိုးလည်း ရှိတယ်လို့ သိရပါတယ် ။ 

ဖမ်းဆီးခံရသူတွေထဲကမှ ပုသိမ်ခေါ်ပြီး စစ်ကြောခံရသူတဦးကတော့ စစ်ကြောခံရစဉ်မှာ သေဆုံးသွားတယ်လို့ သတင်းကြားသိရပေမယ့် DNA အနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေစဲ ဖြစ်ပါတယ် ။ အခုလို တောင်ခြေရွာတွေမှာ ဆက်တိုက်ဖမ်းဆီး စစ်ဆေးတာတွေနဲ့ ပါတ်သက်ပြီး လေးမျက်နှာမြို့ခံတဦးကတော့ စစ်တပ်အနေနဲ့ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှု သတင်းတွေရထားလို့ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ် ။ စစ်တပ်အနေနဲ့ ဧရာဝတီတိုင်းကို စစ်တပ်ထောက်ခံသူအများစု နေထိုင်ပြီး သူတို့ထိန်းချုပ်ထားနိုင်တဲ့ တခုတည်းသော တိုင်းအဖြစ် တော်လှန်ရေးအင်အားစုတွေကို အခြေမချနိုင်အောင် ကြိုးစားနေတာ ဖြစ်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ် ။

“ဒါပေမယ့် ဘာသတင်းရထားတယ်တော့ မသိဘူး ၊ ဒီလပိုင်းထဲမှာ စစ်ကားတွေ အဝင်အထွက်များတယ်”လို့ ဆိုပါတယ် ။ ဒီကိစ္စတွေနဲ့ ပါတ်သက်ပြီး DNA က ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ခြင်း မရှိပါဘူး ။ 

အရင်က ဒီဒေသတွေမှာ စစ်တပ်က တနှစ်မှ တကြိမ်လောက်သာ ပုံမှန်စစ်ကြောင်းထိုးတာတွေ ရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့မှာ တော်လှန်ရေးသမားတွေ အားကောင်းလာချိန်က စပြီး တနှစ်အတွင်း ၃ ကြိမ်အထိ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ် ။ 

“ အရင်က  နယ်မြေစိုးမိုးရေးဆိုပြီး တက်လာရင်လည်း တခါတက် တပတ်လောက်နေရင် ပြန်ဆင်းသွားတာပဲ ၊ အခုက တပတ်နဲ့လည်း ပြန်မဆင်းသလို ရိက္ခာတွေတောင် ထပ်တင်တာတွေ့ရတယ် ။ ဒီရက်ပိုင်းထဲတင် ရွာက ကားတွေချောဆွဲပြီး ရိက္ခာတွေတင်ပြီး တောင်ပေါ်ပြန်တက်သွားတယ်”လို့ တောင်ခြေမှာ နေထိုင်တဲ့ အမည်မဖေါ်လိုတဲ့ အသက်(၅၀) အရွယ်ခန့် ဒေသခံတဦးက DNA ကိုပြောပါတယ်။ 

တောင်ပေါ်ကို မြစ်ချိုး ၊ ဝါးရှာ တက်ကြရတဲ့ ဒေသခံတွေ အနေနဲ့ စစ်ကြောင်းနဲ့တွေ့တဲ့အခါ ခြိမ်းခြောက်ခံရတာ ၊ ရိုက်နှက်ခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ် ။ အထူးသဖြင့် လူငယ်တွေကိုပိုပြီး စစ်ကြောလေ့ရှိတယ်လို့ ရွာသားတဦးက ပြောပါတယ် ။

“ ကင်းပုန်းဝပ်နေကြတာတွေလည်း တွေ့ခဲ့တယ် ။ အဲဒီလို တခေါက်တွေ့ပြီးကတည်းက တောင်ပေါ်ကို မတက်ရဲတော့ဘူး”လို့ သူကပြောပါတယ် ။

ဧရာဝတီတိုင်းဟာ နွေဦးတော်လှန်ရေးကာလအတွင်းမှာ စစ်ကောင်စီထိန်းချုပ်မှု အားအကောင်းဆုံး ဒေသတခု ဖြစ်ပြီး ၊ ဗုန်းခွဲတိုက်ခိုက်မှု တချို့ရှိပေမယ့် တော်လှန်ရေးအင်အားစုတွေ အနေနဲ့ အထိုင်ချ လှုပ်ရှားနိုင်ဖို့ ကြိုးစားနေသလို ၊ စစ်တပ်ဘက်ကလည်း ဒီနေရာတွေကို အင်အားဖြည့်ပြီး အထိုင်ချဖို့ ကြိုးစားနေပုံ တွေ့ရပါတယ်။

ဒါပေမယ့် NUG(အမျိုးသားညီညွှတ်ရေး အစိုးရအဖွဲ့) ရဲ့ ဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးက နေပြည်တော်ကို ခြိမ်းခြောက်နေနိုင်ပြီ ၊ ချင်းနဲ့ ကရင်နီကို ထိန်းချုပ်နိုင်နေပြီ ၊ စစ်ကိုင်းနဲ့ မကွေးမှာ ဖက်ဆစ်နေရာ ပျောက်နေပြီ ။ ကရင် ၊ ပဲခူး ၊ မွန် ၊ မန္တလေး ၊ တနင်္သာရီ အောင်ပွဲတွေရနေပြီ ၊ ဧရာဝတီ မကြာမီ လာမည်လို့ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က သူ့ရဲ့ ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ် ။