စစ်ကောင်စီယာဉ်တန်းမိုင်ဆွဲတိုက်ခိုက်ခံရပြီးနောက်ခြေလျင်စစ်ကြောင်းထိုးလာလို့ ဆားလင်းကြီး ဒေသခံထောင်ချီတိမ်းရှောင်နေရ

ဇွန် ၊ ၂၂

စစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်တွေအစပ်က မြောက်ယမား တံတားပေါ်မှာ စစ်ကောင်စီယာဉ် တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ခြေလျင်စစ်ကြောင်းထိုးလာလို့ အဲ့ဒီအနီးတဝိုက်ကျေးရွာတွေက ဒေသခံ ထောင်ချီ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပုသိမ်-မုံရွာ လမ်းပေါ်က မြောက်ယမားတံတား အနီးကို စစ်ကောင်စီယာဉ်တန်းဖြတ်သန်းလာချိန် ဒီကနေ့ မနက် ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မိုင်းဆွဲတာက နှစ်ကြိမ်ပေါ့၊သူတို့တွေ(စစ်ကောင်စီတပ်)ယာဉ်တန်း ဆက်သွားလို့မရတော့ ခြေလျင်စစ် ကြောင်း ထိုးပြီးတော့ ကင်းပုန်းတွေပါချထားခဲ့တယ်”လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ခံ ကိုစစ်ငြိမ်းက DNA ကိုပြောပါတယ်။

အဲ့ဒီလိုခြေလျင်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ခိုက်မှုဖြစ်တဲ့နေရာ အနီးတဝိုက်က ကံကုန်း၊ ဒုန်းတော၊ ဂုဏ် တော ၊ ကျေးစာကျ အစရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေ ရတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ် မြောက်ဘက်က မြန်မာဝမ်ပေါင်ကုမ္ပဏီအထိ သွားမယ်လို့ သတင်း ရထားတာကြောင့် ဒေသခံပြည်သူတွေလုံခြုံရေးအတွက် ဆားလင်းကြီးမြို့နယ်ထဲက ပုသိမ်-မုံရွာလမ်းကို အရေး ပေါ်ပိတ်သိမ်းလိုက်တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းက အရင်ကတည်းက စစ်ကြောင်းထိုးမှုတွေနဲ့ နေအိမ်မီးရှို့ခံရမှုတွေကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်နေရတဲ့ ညောင်ပင်ကြီးရွာနဲ့အနီးပတ်ဝန်းကျင်က ဒေသခံတွေလည်း ရှိနေပြီး ဒီကနေ့မှာလည်း တိမ်းရှောင်ရသူတွေထပ်တိုးလာတာကြောင့် လိုအပ်ချက်တွေများနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

” ခုလက်ရှိကတောထဲမှာနေရတယ်၊ ဘုန်းကြီးကျောင်းမှာနေကြရတယ်၊ တချို့ဆိုတောထဲမှာရွက်ဖျင် တဲထိုးနေရ တယ်၊အရင်စစ်ရှောင်တွေကောအခုစစ်ရှောင်တွေကောစစ်ရှောင်ဦးရေကများတော့ စားရေးနေရေးအကုန် ခက်ခဲတယ်” လို့သူကဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ဒေသကာကွယ်ရေးအဖွဲ့တွေ နဲ့ အရပ်ဖက်အဖွဲ့တွေ က ရိက္ခာနဲ့ အိုးခွက်ပန်းကန်တွေလာရောက်လှူဒါန်း ပေးတာမျိုးတော့ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်က မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းရဲ့ ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။