ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တဦး ထားဝယ်ထောင်ကနေ လွတ်မြောက်လာ

 

 

ဇွန် ၊ ၂၂

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တဦးဖြစ်သူ မညိုမာဦးဟာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်ကနေ ဒီကနေ့ ဇွန်လ ၂၂ ရက်၊ မနက် ၁၁ နာရီလောက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့နီးစပ်တဲ့ နိုင်/ကျဥ်းဟောင်းတွေက ပြောပါတယ်။

 မညိုမာဦးဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)တို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် သုံးနှစ်နဲ့ ခြောက်လ ချမှတ်ခံခဲ့ရပြီးနောက် လွတ်ရက်စေ့လို့ အခုလိုပြန်လွတ်လာခဲ့တာလို့ သိရပါတယ်။

 ထောင်ဒဏ် သုံးနှစ်နဲ့ ခြောက်လ ချမှတ်ခံခဲ့ရပေမယ့် ပုဒ်မ ၅၀၅(က)အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရလို့ ထောင်ထဲမှာ နှစ်နှစ်နဲ့ တလလောက်သာ နေခဲ့ရတယ်လိုလည်းသိရပါတယ်။

 “သူက ၂၀၂၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ လွတ်ငြိမ်းပေးတဲ့အထဲပါသေးတယ်၊ အဲဒါ သူရော သူနဲ့အတူ အဖမ်းခံရတဲ့ သုံးယောက်ရော ထောင်ဗူးဝ အထိပါလာသေးတာ၊ အဲမှာ တရားသူကြီးမက လွှတ်ပေးတဲ့အထဲမှာ ၅၀၅ အမှုတွေပဲလွှတ်ပေးတာမို့ မညိုမာဦးတို့အဖွဲ့က ၁၉(စ)ကျန်သေးလို့ လွတ်တဲ့အထဲ မပါတော့တာ။ ပြန်လွတ်လာတော့ ကျန်းမာရေးလည်း ကောင်းကောင်းမွန်မွန်ပဲ” လို့ မညိုမာဦးနဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဥ်းသူဟောင်းတဦးက DNA ကို ပြောပါတယ်။

 မညိုမာဦးကို ပုဒ်မ ၅၀၅(က)နဲ့ ၅၀၅(ဂ)တို့အတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့က ထောင်ဒဏ် နှစ်နှစ်နဲ့ ခြောက်လ ချမှတ်ခဲ့တာလို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံကနေ သိရပြီး ပုဒ်မ ၁၉(စ) အတွက် ထောင်ဒဏ်တနှစ်ကို ဘယ်ချိန်က ချမှတ်ခဲ့တာလဲဆိုတာကိုတော့ မသိရပါဘူး။

 ထားဝယ်မြို့ပေါ် သပိတ်လှုပ်ရှားမှုတွေကို ဦးဆောင်သူတဦးဖြစ်တဲ့ သူ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက်နေ့က ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက်ရှိ နေအိမ်တခုမှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူနဲ့အတူ အခြားလူငယ်အမျိုးသားသုံးဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

 အဲဒီ မေလ ၂၉ ရက်နေ့မှာပဲ မညိုမာဦးတို့ အဖမ်းမခံရခင် ထားဝယ်မြို့ပေါ်က စားသောက်ဆိုင်တခုမှာ တက္ကသိုလ်ကျောင်းသူလေးဦး အပါအဝင် လူငယ်ကိုးဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သူတို့အားလုံးကတော့ အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် ၉ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

 မညိုမာဦးနဲ့အတူ ဖမ်းဆီးခံရတဲ့ လူငယ်သုံးဦးကတော့ ပြီးခဲ့တဲ့ ခြောက်လလောက်ကတည်းက ပြန်လွတ်လာခဲ့တယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့နဲ့ မေလ ၃ ရက်နေ့တွေကလည်း ထားဝယ်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသူ/အကျဥ်းသား အယောက် ၇၀ ကျော် စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်နှစ်ဦး ဆက်ရှိနေပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဥိီးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

ဒါအပြင် ထားဝယ်အကျဥ်းထောင်မှာ အမှုရင်ဆိုင်နေရဆဲနဲ့ ထောင်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၃၀၀ ဝန်းကျင်နဲ့ အမျိုးသမီး ၆၀ လောက်ရှိတယ်လို့လည်း သိရပါတယ်။

photo CJ

ပုံစာ- ပြန်လွတ်လာတဲ့ မညိုမာဦး