ကလေးမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တဦးသေဆုံးပြီး မိသားစုဝင်တွေဒဏ်ရာရ

ဇွန် ၊ ၂၂

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်နဲ့ ငါးမိုင်ခန့်အကွာက  အနောက်သာစံရွာကိုစစ်ကောင်စီတပ်က တိုုက်ပွဲမရှိဘဲ ဇွန်လ ၂၁ ရက် မနေ့ညက ၈၀ မမလက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တဦးသေဆုံးပြီး မိသားစုဝင်တွေဒဏ်ရာရတယ်လို့သိရပါတယ်။

ကလေးနည်းပညာတက္ကသိုလ်အတွင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်က မနေ့က ညပိုင်း ၉ နာရီလောက်မှာပဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အဲ့ဒီ့ကျေးရွာကနေအိမ်ခြံဝင်းအတွင်းကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“အိပ်နေတုန်းထိတာ၊ဆယ်နှစ်သားလေးကတော့ ဆုံးပြီ။ ခြောက်နှစ်သားလေးက စိုးရိမ်ရတယ်။ ဒီနေ့ပဲ အော်ပရေးရှင်းထပ်ဝင်ရမယ်။ ကျန်တဲ့ က လေးတွေလည်း တအားကြောက်လို့လူသံကြားတာနဲ့ကိုငိုနေကြတယ် ’’လို့ အနောက်သာစံရွာခံတဦးက ပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲတဲ့အရှိန်ကြောင့် အဲဒီအိမ်မှာရှိနေတဲ့မိသားစုဝင်လေးဦးအနက် ကလေးငယ်တဦးဟာ ဦးခေါင်းပြတ်ပြီးသေဆုံးသွားသလို ခြောက်နှစ်သားကလေးငယ်တော့ နဖူးထိမှန်တဲ့အတွက်စိုးရိမ်ရပြီး မိခင်ဖြစ်သူက မိခင်ခြေထောက်ပြတ်ကာ မိန်းကလေးငယ်တဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်လက်နက်ကြီးပေါက်ကွဲချိန်မှာ ဘေးအိမ်ကိုအလည်သွားနေတဲ့ကျန်ရှိမိသားစုဝင်နှစ်ဦးအနက်ဖခင်ဖြစ်သူလဲခြေထောက်ထိမှန်ဒါဏ်ရာရခဲ့သေးတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။

ဒေသခံနောက်တဦးကတော့ စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ဟာ မိသားစုဝင်တွေနေတဲ့ မြေစိုက်အိမ်ကိုထိမှန်တာကြောင့် ငါးနှစ်အရွယ်ကလေးတဦးသေဆုံးပြီး မိခင်ဖြစ်သူနဲ့ သေဆုံးသူအထက်က အစ်ကိုဖြစ်သူနဲ့ အစ်မဖြစ်သူ ကလေးနှစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

” သေတဲ့ကလေးက ငါးနှစ်ပဲရှိသေးတာ။ ဘယ်နေရာမှစိတ်မချရတော့ဘူးဗျာ။ ညက လက်နက်ကြီးထုတာ တချက်ထဲရယ်။ အဲ့ဒီတချက်ကကိုမှန်တာ” လို့ အဲဒီဒေသခံက ထပ်ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို ဒေသခံကာကွယ်ရေးဆေးအဖွဲ့တွေက ညတွင်းချင်းသွားရောက်ဆေးကုသမှုပေးခဲ့နေပြီး ဒီမနက်လည်း တခြားဆေးအဖွဲ့တဖွဲ့က အလှည့်ကျစောင့်ရှောက်မှုပေးနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးမြို့တောင်ဘက်က သာစည်၊ ဇင်းကလင်း၊ချင်းဆိုင်၊ ထိုမာ၊ သာယာကုန်း၊ ထောက်ကြံ့ကျေးရွာစတဲ့ ကျေးရွာတွေက ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

ကလေးမြို့မှာ မြို့တောင်ဘက်အထွက်က စစ်ကောင်စီတပ်ကတိုက်ပွဲမရှိဘဲ  လက်နက်ကြီးနဲ့ပစ်လို့ ဇွန်လ ၂၀ ရက်ကလည်း သာစည်ကျေးရွာက အရပ်သားအမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးမြို့မှာအခု ပစ်ခတ်မှုအပါအဝင်  ဒီတလအတွင်း အရပ်သားငါးထက်မနည်းသေဆုံးပြီး သုံးဆယ်နီးပါးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP က စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူပေါင်း ၃၄၄၇ ဦးမှာ  ကလေးသူငယ်သေးဆုံးတာ ၃၆၃ ဦးရှိတယ်လို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ထား ပါတယ်။

Photo-CJ