ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

ဇွန် ၊ ၂၂

 မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်ရဲ့ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့တွေက အခုရက်ပိုင်းအတွင်း လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“တွေ့လိုက်တယ်၊ လာချိပ်ပိတ်တဲ့အချိန်က ညနေပိုင်းမှာ ပုံမှန်ပါပဲ၊ သူတို့ကားနဲ့ ရောက်ချလာပြီးတော့ တံခါး ဖွင့် ပြီး အိမ်ထဲ ဝင်ရှာတာလား၊ ဘာလုပ်တာလဲတော့ မသိဘူး၊ပြီးမှ အပြင်ကနေ ဗီနိုင်းကပ်သွားတာပါ” လို့ ဒေသခံ တဦးက DNA ကို ပြောပါတယ်။

ကျိုက်မရောမြို့နယ် ရှင်စောပုရပ်ကွက် (၃)၊ ဗညားနွဲ့လမ်းမှာရှိတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုး မြင့်ရဲ့ နေအိမ်ကို ဇွန်လ ၂၀ ရက် ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီလက်အောက်ခံပူးပေါင်းအဖွဲ့တွေက လာရောက်ချိပ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့  ဒေါ်ခင်မျိုးမြင့်ဟာ  မွန်ပြည် နယ်လွှတ်တော် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာကနေ ၂၀၁၅နဲ့ ၂၀၂၀ အထွေထွေရွေး ကောက် ပွဲနှစ်ကြိမ် ဆက်အနိုင်ရရှိထားသူဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်ခင်မျိုးမြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ထား ပြီး ဖမ်းဝရမ်း ထုတ်ခံထားရတာကြောင့် နေအိမ်မှာ မနေတာ ကြာပြီးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေပုဒ်မတွေအပါအဝင် ပုဒ်မမျိုးစုံနဲ့ နဲ့ အမှုဖွင့်ဖမ်းဝရမ်းထုတ်ထားတာတွေရှိသလို ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ စစ်ကောင်စီထံ ခံဝန်ထိုးထားကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ မွန်ပြည်နယ်အတွင်းမှာ NLD ပါတီကိုယ်စားလှယ်၊ ပါတီဝင်နဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်အဆောက်ဦပေါင်း (၄၀) ထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်(၁၇၁)ဦးအပါအဝင် စုစုပေါင်း ပါတီဝင် (၃၃၃) ဦးရဲ့ပိုင်ဆိုင်မှုတွေချိပ်ပိတ်သိမ်းဆည်းခံထားရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းက NLD ပါတီဝင်တွေနဲ့ အရပ်သားတွေ စုစုပေါင်း လူဦးရေ (၆၂၅)ဦးရဲ့ ပိုင်ဆိုင်မှု တွေကို ချိပ်ပိတ်သိမ်းးဆည်းထားပါတယ်။