ဇွန်၊ ၂၁
မကွေးတိုင်း၊မြိုင်မြို့နယ်က မြို့အဝင် စစ်ဆေးဂိတ်ကို ဇွန်လ ၂၁ ရက် ဒီကနေ့ နေ့လယ် ၁၁ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးခဲ့ပြီး လေး ဦးဒဏ်ရာ ရခဲ့တယ်လို့ မြိုင်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ မနေ့တုန်းက ဒီကောင်တွေခွေးကင်းပုန်းနဲ့ တွေ့ပြီး ကျွန်တော်တို့ဖက်က ရဲဘော်တယောက်ကျတယ် ။ငါးယောက်ဒဏ်ရာရတယ်။ ဒီနေ့ သူတို့ကို ပြန်ဝင်ပစ်တာ။ မြိုင်ဂိတ် မန္တလေး အထွက်ဖက်ပေါ့ ။ဝင်ပစ်တာ
သူတို့ဖက်က နှစ်ယောက်အရင်ကျ တယ်။ ငါးယောက်က ဆေးရုံရောက်တာ ။ဆေးရုံရောက်မှ တယောက်ထပ်ကျတာ “ လို့ အဲဒိတာဝန် ရှိသူကပြောပါတယ်။
နှစ်ဖက်တပ်တွေ ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေက အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက ပြောပါတယ်။
မြိုင်မြို့မှ မန္တလေးအထွက် စစ်ဆေးရေးဂိတ်ကို ဒီကနေ့ နေ့လည် ၁၁ နာရီ ခန့်မှာ ဒရုန်းနဲ့ အီနာဂါ ဗုံးသီးချပြီးနောက် RPG နဲ့ ပစ်ခတ်ရာ ဘန်ကာတည့်တည့်ထိမှန်လို့ စစ်ကောင်စီတပ် သား တွေ ထိခိုက်ဒဏ်ရာ ရချိန်မှာလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်သားတွေဟာဇွန်လ ၂၀ ရက်၊ မနေ့က ပျူစောထီးရွာဖြစ်တဲ့ ကနီ ရွာကနေ မြိုင်မြို့ပေါ်မှာ ရိက္ခာသယ်ဖို့လာတဲ့ စစ်ကောင်စီ ကား သုံးစီးကို မိုင်းဆွဲတိုက်ခိုက်ဖို့လာချိန် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်သား တဦးသေဆုံးခဲ့ကာ ငါး ဦးဒဏ်ရာ ရခဲ့တာကြောင့် ဒီနေ့မှာ မြိုင်စစ်ဆေးရေးဂိတ်ကို ပြန်ပြီးတိုက်ခိုက်ခဲ့တာလို့ လည်း ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ – တပ်ခွဲ (၁)၊ တပ်ခွဲ (၃)၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Salingyi Special Task Force – SSTF နဲ့ Pepole’s Fefence Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။