ဖားကန့်က ကေအိုင်အိုအုပ်ချုပ်ရေးရုံးဝင်စီးခံရလို့ထိခိုက်သေဆုံးမှုရှိ၊ ဖမ်းဆီးရခံသူများပြား

ဇွန်၊ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တိုက်နယ်ရုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုရှိပြီး အရပ်သားတချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ KIO ရုံးဝင်စီးခံရတာ ညတုန်းက ၁၀ နာရီလောက်ပြောတယ်၊ ပစ်ခတ်မှု ဖြစ်တယ်၊ ဟိုဘက်ကလည်း ပစ်၊ ဒီဘက်ကလည်း ပစ်ကြ တာပဲ၊ ထိခိုက်ဒဏ်ရာရတာက KIOရော အဲနားမှာရှိတဲ့ အရပ်သားတွေလဲပါတယ်။ အခုကြားရတာ သုံးဦးလား၊ လေးဦးလားမသိဘူးသေတယ်၊ ဒဏ်ရာရတာတော့ ဆယ် လောက်ရှိတယ်ပေါ့နော်၊ ပြီးတော့ ဖမ်းသွားတဲ့သူတွေဆို ရှိမယ်၊ သုံးဆယ် ဝန်းကျင်လောက်၊ အဲဒီထဲမှာ အရပ်သားတွေပါတယ်၊ KIO က ဖမ်းဆီးထားတဲ့ အချုပ်သားတွေလဲ ပါတယ်။” လို့ ဖားကန့်မြို့နယ်မှ ဒေသခံတဦးက DNA ကို ပြောပါတယ်။

ဖားကန့်မြို့နယ် ၊ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(၃)မှာ ရှိတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တိုက်နယ်ရုံးကို ဇွန်လ ၂၀ ရက်၊ ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရုံးအတွင်းမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တချို့နဲ့အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် စစ်ကောင်စီ ဘက်က အင်အားများတာကြောင့် ရုံးကို စီးနင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ စစ်တပ်က အင်အားအတော်များမယ်ထင်တယ်၊ တိုက်နယ်ရုံးမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ တချို့တပ်ဖွဲ့ဝင်တွေက ထွက်ပြေးသွားလွတ်သွားတယ်လို့ ကြားတယ်၊ ပစ်တာတော့ တညလုံးမှာပဲ ပစ်သံတွေကြားရတာကတော့လေ။” လို့ အဲဒီ ဒေသခံက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်နယ်ရုံးအပါအဝင် အဆောက်အဦးသုံးလုံးကို ဒီကနေ့ နံနက်အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုလည်း လူနာတင်ယာဉ်တွေနဲ့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ထေိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးခံရတဲ့အရေအတွက်နဲ့ ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါ ဘူး။

ဒီအခြေအနေကို သိရှိနိုင်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)  ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူထံကို DNAသတင်းဌာန  က တယ်လီဖုန်းနဲ့ ဆယ်  ကြိမ်ထက်မက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့မရပါဘူး။  

“ ဘာဖြစ်လို့ စစ်တပ်က ဝင်စီးသလဲဆိုတာ ကျွန်တော်တို့တော့ မသိဘူးပေါ့နော်၊ အခု ဒီဘက်မှာက နှစ်ဖက်စလုံးက စစ်ရေးတင်းမာ နေတဲ့အခြေအနေရှိတယ်၊ ပြည်သူတွေလည်း သတိထားသွားလာနေရတယ်၊ အဓိက ကြောက်တာပေါ့နော်။ အခုဒီလိုဖြစ်သွားပြီးရင် နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာမှာလည်း စိုရိမ်တာပေါ့။” လို့ ဖားကန့်ဒေသခံက ပြောပါတယ်။

ပုံစာ- ကချင်ပြည်နယ်၊ ဖားကန်းမြို့နယ်က ကေအိုင်အို အုပ်ချုပ်ရေးရုံးတိုက်နယ်ရုံးကိုစစ်ကောင်စီတပ်ကမီးရှို့နေစဉ်။