မုံရွာအခြေစိုက် PDFထုတ်လုပ်ရေးစခန်းမီးလောင်လို့ ကျပ်သိန်း သုံးရာကျော်ဆုံးရှုံး

ဇွန်၊ ၂၁

မုံရွာခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF )တပ်ရင်းတခုဖြစ်တဲ့ Chindwin Attack Force လက်နက်ထုတ်လုပ်ရေးစခန်းမှာ ဇွန် ၁၉ ရက်က ဂဟေဆော်နေစဉ် မတော်တဆ မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း သုံးရာကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

“ဖြစ်စဉ်က တဖွဲ့က ဒီဘက်ကနေ လက်နက်ထုတ်ဖို့အတွက် ဂဟေဆော်နေကြတယ်။ ကျန်တဲ့တဖက်က ဂတ်စ်တွေနဲ့ ကျည်ဘောက်တွေလုပ်နေတဲ့နေရာကို မီးပွားသွားစင်ပြီးတော့ မတော်တဆဖြစ်ပြီး မီးလောင်သွားတာပါ”လို့ Chindwin Attack Force ကပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ 

လက်နက်ထုတ်လုပ်ရေးစခန်း မတော်တဆမှုဖြစ်ပြီး မီးလောင်သွားခဲ့တာကြောင့် လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုနေတဲ့ မော်တာစက်တွေ ၊တွင်ခုံတွေ ၊ဖြတ်စက်နဲ့ ယမ်းတွေအပြင် ထုတ်လုပ်ပြီးသားဖြစ်တဲ့ လက်နက်အချို့ပါ ပျက်စီးဆုံးရှုံးသွားခဲ့တာကြောင့် စုစုပေါင်း ငွေကျပ် သိန်း သုံးရာကျော်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီလို မုံရွာခရိုင်အခြေစိုက် PDF တပ်ရင်းတခုဖြစ်တဲ့ Chindwin Attack Force လက်နက်ထုတ်လုပ်ရေးစခန်း မတော်တဆဖြစ်ပြီး မီးလောင်မှုဖြစ်တာ ၄၅မိနစ်ခန့်ကြာမြင့်ခဲ့ပေမယ့်လူထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့လည်း စုံစမ်းသိရပါတယ်။ 

အဆိုပါ မုံရွာခရိုင်အခြေစိုက် Chindwin Attack Force လက်နက်ထုတ်လုပ်ရေးစခန်းမှာ AK-47 လက်နက်ကို နမူနာရယူပြီး CAF-B1 ဆိုတဲ့ ကိုယ်ပိုင်အမည်နဲ့ ခြေမှုန်းရေးရိုင်ဖယ်ကို ထုတ်လုပ်နေတဲ့ စခန်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ 

အဲဒီလို AK-47 ကို နမူနာယူ စမ်းသပ်ထုတ်လုပ်နေတဲ့ CAF-B1 လက်နက်အချို့ပါ မီးလောင်ပျက်စီးသွားခဲ့ရပြီး အဲဒီ စမ်းသပ်ထုတ်လုပ်နေဆဲဖြစ်တဲ့လက်နက်ရဲ့ ကုန်ကျစရိတ်မှာ တလက်ကို ကျပ်သိန်း နှစ်ဆယ်ဝန်းကျင်ခန့် ကုန်ကျတယ်လို့လည်းအဲ့ဒီတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“ပျက်စီးဆုံးရှုံးမှုက ကျွန်တော်တို့အတွက် အတော်လေးများသွားတယ်ဗျ။ စိတ်ဓာတ်တွေလည်း ကျနေတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေပြန်လည်ပတ်နိုင်ဖို့ရာအတွက် လိုအပ်ချက်တွေက အများကြီးဆိုတော့ အကူအညီတွေလည်း လိုအပ်နေပါတယ်။ အားလုံး ဝိုင်းဝန်းကူညီပေးကြဖို့လည်း တောင်းဆိုချင်ပါတယ်”လို့ Chindwin Attack Force ကပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

Photo- CAF