တနင်္သာရီက ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာလို့ ပြန်ဆုတ်သွားတယ်ဟုဆို

ဇွန်၊ ၂၁
 
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ဇွန်လ ၁၆ ရက်ကစပြီး ငါးရက်တာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ တနင်္သာရီက သတင်းထုတ်ပြန်ပါတယ်။
 
တနင်္သာရီမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၅၈ က စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော်ဟာ ဇွန်လ ၁၆ ရက်ကစပြီး သကျက်တောကျေးရွာအုပ်စု၊ ဘန်ကြုတ်ရွာဘက်ကနေ လက်နက်ကြီးပစ်ခတ် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။
 
ဇွန်လ ၁၇ ရက်မှာတော့ တကူကျေးရွာအုပ်စု၊ ကော်တောရွာကို သွားရောက်ဖို့အတွက် သမီးလှကျေးရွာထဲကို လက်နက်ကြီးတွေပစ်ခတ်ပြီး ဖြတ်သန်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အဲဒီရွာထဲမှာ နှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
” ကျွန်တော်တို့ တနေကုန် ဒရုန်းနဲ့ ဗုံးကြဲချတာ၊ မြေပြင်အဖွဲ့တွေကတော့ ညနေဘက်မှာ ဝင်ပစ်တယ်၊ စနိုက်ဘာနဲ့လည်း ပစ်တယ်၊ အဲမှာ သူတို့ဘက်က ဆေးတပ်ဗိုလ်တယောက် ကျတယ် ” လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ တနင်္သာရီ ပြန်ကြားရေးတာဝန်ရှိသူက DNA ကို ပြောပါတယ်။
 
အဲဒီနောက် ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ပြီး ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုကို မခုခံနိုင်တော့ဘဲ သမီးလှကျေးရွာ အနောက်ဘက်ကနေ တောင်ပေါ်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
 
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကတော့ တောင်ပေါ်မှာ ပုန်းခိုနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ခြေရာခံလိုက်နိုင်ခဲ့ပြီး အဲဒီနေ့ ညနေပိုင်းမှာပဲ ဒရုန်းနဲ့ ဗုံးလေးလုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
Delta News Agency က ကြည့်ရှုခဲ့ရတဲ့ ရုပ်သံမှတ်တမ်းတခုမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒရုန်းနဲ့ ကြဲချတဲ့ ဗုံးသီး ကျရောက်ပေါက်ကွဲရာ နေရာကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးခန့် ထွက်ပြေးလာတာကို တွေ့ရပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပုန်းခိုရာနေရာကို အတိအကျ ခြေရာခံမိပြီးဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဇွန်လ ၂၀ ရက်မနက်ပိုင်းမှာလည်း အနီးကပ် ဝင်ရောက်တိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ထပ်လုပ်ခဲ့ပြီး အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်တွေက သူတို့ရဲ့ ခမရ ၅၅၈ တပ်ရင်းကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
 
“ သူတို့ သွားလာနေတာ၊ ဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်နေတာ ထမ်းနေတာတွေကို ကျနော်တို့ ဒရုန်းကနေ အကုန်မြင်နေရတာ။ သူတို့ဘက် ငါးယောက်ကျတယ်၊ လေးယောက်က ဆေးရုံရောက်မှ ကျတာ၊ ကျဆုံးတာနဲ့ ပတ်သက်ပြီး ကျနော်တို့ အတိအကျ သိထားရတယ် ” လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ တနင်္သာရီ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
Delta News Agency ကလည်း တိုက်ပွဲအတွင်း ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတခုမှာ တောအုပ်တခုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားလာနေတာကို မြင်တွေ့ခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကိုတော့ ဘက်မလိုက်ပြောက်ကျားအဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
 
ငါးရက်တာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဘက်ထရီချို့ယွင်းမှု ဖြစ်လို့ ဒရုန်းတစီးလည်း ပျက်ကျသွားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် သုံးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားလေးဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
 
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်းမှာလည်း ဘန်လော၊ ဘန်လေ၊ ကော်တော၊ သမီးလှ စတဲ့ အနီးတဝိုက် ကျေးရွာတွေက ဒေသခံထောင်ချီ စစ်ဘေးရှောင်နေကြရပြီး လက်ရှိမှာတော့ အများစုက နေရပ်ပြန်လာနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
 
အခုလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေဟာ ရန်ကုန်-ကော့သောင်း ပြည်ထောင်စုကားလမ်းမကြီးရဲ့ အရှေ့ဘက် တနင်္သာရီမြို့နဲ့ ဆယ်မိုင်လောက်အကွာမှာ တည်ရှိကြတာပါ။
 
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာအနီး တပ်ချိန်းဖို့လာတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲဆက်ပြီးပြင်းထန်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Southern Warriors