ပုလောမှာ PDF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိ

ဇွန်၊ ၂၁
 
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF)တို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံး ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။
 
“ မနေ့က နေ့လည်မှာ စဖြစ်တာ၊ PDF ပူးပေါင်းအဖွဲ့ဘက်က ဒီ ပုလော ပဝတ်ကုန်း အဝေးပြေးကားလမ်းမကြီးမှာ စစ်ဆေးမှု ပြုလုပ်နေတဲ့အချိန်မှာ တပ်က ဝင်ပစ်တာကနေ စဖြစ်ကြတယ်၊ စနိုက်ပါနဲ့ ပစ်တာပဲ နှစ်ဦးလောက် သေတယ်၊ အများကြီးပဲအကို အားလုံးပေါင်းရင် ဆယ်ဦးဝန်းကျင်တော့ ရှိတယ်နော် သူတို့ ထိခိုက်သေဆုံးမှုက၊ ကျွန်တော်တို့ဘက်က ရဲဘော်တဦး ကျတယ်၊ နှစ်ဦးလောက် ဒဏ်ရာရတယ် ” လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးက DNA ကို ပြောပါတယ်။
 
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် အကျအဆုံးနဲ့ပတ်သတ်ပြီး DNA သတင်းဌာနက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
 
ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးမှာ ဇွန်လ ၂၀ ရက် မနေ့က မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လမ်းသွားလမ်းလာ မော်တော်ယာဉ်တွေကို လုံခြုံရေးအရ ဂိတ်ချပြီး စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
 
အဲ့ဒီအချိန်မှာ အင်အား လေးဆယ်ခန့် ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စတင်ပစ်ခတ်ရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့တာဖြစ်တယ်လို့ အဲ့ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
 
နှစ်ဖက်တပ်ဖွဲ့တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး အပြန်အလှန် ပစ်ခတ်မှု တနာရီကျော်ကြာ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။
 
“ မနေ့ကတည်းကဆိုရင် သူတို့ စစ်ကြောင်းက သုံးကြောင်းလောက် ခွဲထားတာ၊ အားလုံးပေါင်းရင် နှစ်ရာလောက်ရှိတယ်၊ ဒီ ပဝတ်ကုန်းမှာ ဖြစ်တာက လေးဆယ်လောက်နဲ့ပဲ၊ အဲဒါဖြစ်ပြီးတာနဲ့ နောက်တဖွဲ့က နန်းတောင်ကျေးရွာဘက်က ဒီကောင်တွေ တပ်စွဲထားတဲ့ ဂိတ်ကို သွားပစ်ကြသေးတယ်။ အဲဒီမှာ ထိခိုက်မှုတော့ သေချာ မသိဘူးပေါ့နော်။ တနာရီလောက်ပဲ ပစ်ကြတာ၊ ဒီကောင်တွေဘက်က လက်နက်ကြီးနဲ့ ဆော်တာ တောက်လျှောက်ပဲ ” လို့ အဲဒီ ပုလော PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အင်အားအများအပြားနဲ့ ကဒဲကျေးရွာဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို မင်းထိန်းကျေးရွာမှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
“ အခုက မင်းထိန်ဘက်မှာ ဖြစ်နေတယ်၊ ကဒဲဘက်ကို သူတို့ စစ်ကြောင်းထိုးဖို့ လုပ်နေတယ်၊ ဒီကောင်တွေ လူအရမ်းများတယ်၊ လက်နက်ကြီးလည်း အရမ်းသုံးလာတယ်၊ စစ်ကြောင်းတွေ အများကြီး ခွဲထားပြီး ထိုးဝင်နေတာပေါ့နော်၊ တိုက်ပွဲကတော့ ဖြစ်နေဦးမှာပဲ ” လို့ ပုလော PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ပဝတ်ကုန်း၊ ကဒဲ၊ မင်းထိန်၊ မကျီးကုန် အစရှိတဲ့ ကျေးရွာတွေဟာဆိုရင် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး ဘေးတလျှောက်မှာ တည်ရှိနေတဲ့ ကျေးရွာတွေ ဖြစ်ကြပြီး အဲဒီလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့အကြား မကြာခဏထိတွေ့မှု ဖြစ်ပွားနေတာကြောင့် ဒေသခံတွေက ယခင်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
 
မနေ့က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်အတွင်း မြိတ်-ထားဝယ်ကားလမ်းမှာ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ ခေတ္တပိတ်ဆို့သွားခဲ့ပေမယ့် ညနေပိုင်းအချိန်မှာတော့ ကားလမ်းပြန်ဖွင့်ပြီး ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – မြိတ်-ထားဝယ် ကားလမ်း ပေါ်မှာ ၂၀၂၂ ခုနှစ်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန် ခရီးသွားယာဉ်တွေ ပိတ်မိနေစဉ်။