ရေးမြို့နယ်မှာ ပြည်သူ့စစ်ဆိုသူတဦး ပစ်ခတ်ခံရပြီးသေဆုံး

ဇွန်၊ ၂၁
 
မွန်ပြည်နယ်၊ ရေးမြို့၊ ကျောက်မိချောင်းကျေးရွာ မှာ နေထိုင်တဲ့ ဦးရဲဝင်းနိုင်ဆို သူဟာ မနေ့က မနက်ပိုင်းက နေအိမ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
နေအိမ်မှာပဲ ပစ်ခတ်ခံရပြီး သေဆုံးသူဟာ ကျောက်မိကျောင်းကျေးရွာ တောင်ပိုင်းမှာ နေထိုင်တဲ့ အသက် (၅၉) နှစ်အရွယ် ဦးရဲဝင်းနိုင် ဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်၊ ရဲ၊ အုပ်ချုပ်ရေးပိုင်းက လူတွေနဲ့ နီးစပ်သူတဦး ဖြစ်တယ်လို့ ရေးဒေသခံတဦးက DNA ကိုပြောပါတယ်။
 
“ သူက ဒီဇာတိတော့ မဟုတ်ဘူး၊ ဒီမှာ နေနေတာ ကြာပြီ၊ ရေး ဒေသခံလို ဖြစ်နေပါပြီ၊ အရင်တုန်းကတော့ သူက အေးဆေးပါပဲ၊ ဒီနောက်ပိုင်းမှာတော့ စစ်တပ်တို့၊ ရဲတို့၊ အုပ်ချုပ်ရေးအပိုင်းက လူတွေနဲ့ ရင်းရင်းနှီးနှီးရှိတာတော့ ဟုတ်တယ်၊ ပြည်သူ့စစ်လို့တော့ ပြောတယ်၊ တခါမှတော့ အဲဒီဝတ်စုံတွေနဲ့ သေနတ်တွေနဲ့ သွားလာတာမျိုးတော့ မတွေ့ဘူး၊ စကစ က လူတွေနဲ့တော့ အတူတူသွားတာတော့ ရှိတာပေါ့နော် ” လို့ သူကပြောပါတယ်။
 
အဲ့ဒီပစ်ခတ်မှုကို ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ က လုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအတွက် သတင်းတွေ ထောက်လှမ်းရယူပေးတာ၊ ဒေသခံတွေကို ခြိမ်းခြောက်အနိုင်ကျင့် တာတွေကြောင့် ပစ်ခတ်ခဲ့တာလို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က DNA ကိုပြောပါတယ်။
 
“ ပြည်သူ့စစ်ဟောင်းပါ၊ လက်ရှိကတော့ သူ့ကို ပျူနေရာ ပေးထားတယ်၊ ရွာက ထောက်လှမ်းရေး အပိုင်းတွေရော တရွာလုံး အခြေနေတွေရော စစ်ကောင်စီကို ပြန်တင်ပြတယ်၊ ရွာသားတွေကိုလည်း မတရား အနိုင်ကျင့်တယ်လို့ ကြားတယ်၊ ဒါကြောင့် ရှင်းလင်းခဲ့တာ မနေ့က သူ့အလောင်းတောင် စစ်ကောင်စီက လာမယူရဲဘူး ” လို့ ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ဆိုပါတယ်။
 
ပစ်ခတ်ခံရပြီး သေဆုံးသွားသူကို စစ်ကောင်စီက လက်နက်ထုတ်ပေးထားတယ်လို့ သိထားကြောင်း ရေးဘီလူး အဖွဲ့က ပြောပေမယ့် မနေ့က နေအိမ်မှာ ပစ်ခတ်တိုက်ခိုက်မှု လုပ်ပြီးနောက် ရှာဖွေရာမှာတော့ သေနတ်မတွေ့ရဘူးလို့ ဆိုပါတယ်။
 
ရေးဘီလူးဖွဲ့ မွန်ပြည်နယ် ရေး ဒေသအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေကို တိုက်ခိုက်မှုတွေ လုပ်နေတဲ့ အဖွဲ့ဖြစ်ပြီး အခုလဆန်းပိုင်းကလည်း ရေးမြို့နယ် ချောင်းတောင်ကျေးရွာက စစ်မှုထမ်းဟောင်းတဦးကို ပစ်ခတ်ခဲ့ပြီး သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
 
ဓာတ်ပုံ – ရေးဘီလူး
ပုံစာ – ရေးမြို့နယ်အတွင်းမှာ တွေ့ရတဲ့ ရေးဘီလူး တပ်ဖွဲ့ဝင်များ။