ကိုယ်ပိုင် လေကြောင်းကာကွယ်ရေး စနစ်တွေ ထုတ်လုပ်ဖို့ ဥရောပ နိုင်ငံတွေကို ပြင်သစ် သမ္မတ တိုက်တွန်း

ဇွန်၊ ၂၁

ဥရောပ နိုင်ငံတွေ အနေနဲ့ ကိုယ်ပိုင် လေကြောင်း ကာကွယ်ရေး စနစ်တွေ ပိုမို တီထွင် ထုတ်လုပ်ဖို့၊ အမေရိကန်နဲ့ အစ္စရေးလုပ် စနစ်တွေအပေါ် အလွန်အကျွံ မှီခိုနေရတာကို လျှော့ချဖို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မာခရွန်က တိုက်တွန်း အကြံပြုသွားခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ဥရောပ နိုင်ငံ ၂၀ က ကာကွယ်ရေး ဝန်ကြီးတွေ တက်ရောက်ကြတဲ့ ညီလာခံမှာ မာခရွန်က အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို လက်တွေ့ ကျူးကျော်ခဲ့တဲ့ စစ်ပွဲအပြီးမှာတော့ ဥရောပအတွက် လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ အရေးတကြီး လိုအပ်လာနေကြောင်း၊ ဒီအခြေအနေအရ အမေရိကန်နဲ့ အစ္စရေးဆီက လက်နက် အစိတ်အပိုင်းတွေကို မျှော်လင့်နေတာထက် ကိုယ့်အားကိုယ်ကိုးဖို့ ပိုမို ရုန်းကန်သင့်ပြီဖြစ်ကြောင်း မာခရွန်က ဆိုပါတယ်။

ညီလာခံမှာ ခေတ်သစ် စစ်ပွဲတွေအတွက် အရေးတကြီး လိုအပ်လာနိုင်တဲ့ ဒရုန်းဖျက်ဆီးမှု စစ်ဆင်ရေးတွေ၊ တိုက်ချင်းပစ် ဒုံးကျည်အန္တရာယ် ကာကွယ်ရေး အစီအမံတွေ အကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ အခုအစီအစဉ်ကို ကြီးမှူးတဲ့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။ အစည်းအဝေး ရည်ရွယ်ချက်တွေထဲမှာ နျူကလီးယား စစ်လက်နက်တွေ တန်ပြန် တားဆီးမှုကလည်း အရေးပါတဲ့ အကြောင်းအရာ တခု ဖြစ်ခဲ့ပါတယ်။

မာခရွန်ကတော့ ဥရောပ နိုင်ငံတွေဟာ ကိုယ်ပိုင် လေကြောင်းကာကွယ်ရေး စနစ်တွေကို တပ်ဆင် ထုတ်လုပ်နိုင်မယ်ဆိုရင် ပြင်ပကနေ အပူတပြင်း မှာယူနေစရာ မလိုတော့ဘူးလို့ ပြောပါတယ်။ ညီလာခံ တက်ရောက်တဲ့ နိုင်ငံတွေထဲမှာတော့ ဂျာမနီ၊ ဗြိတိန်၊ ဆွီဒင်တို့အပြင် ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ပိုလန်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ ရိုမေးနီးယားတို့ ပါဝင်ကြပါတယ်။ ဒါ့အပြင် NATO စစ်မဟာမိတ် အဖွဲ့နဲ့ ဥရောပ သမဂ္ဂတို့ကလည်း ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ကြပါတယ်။

အမေရိကန်ဟာ စစ်လက်နက်တွေနဲ့ ပတ်သက်ရင် ပိုမိုတိကျတဲ့ စံနှုန်း သတ်မှတ်ချက်တွေ ချမှတ်နိုင်သလို လက်နက် ကုမ္ပဏီတွေကိုလည်း ငွေကြေး ထိထိရောက်ရောက် ပံ့ပိုးပေးကြောင်း၊ အကျိုးဆက် အနေနဲ့ ဥရောပဟာ အမေရိကန်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို အလေးအနက် မှီခိုလာနေရကြောင်း မာခရွန်က မှတ်ချက် ပေးခဲ့ပါတယ်။

ပါရီ လေကြောင်းပြပွဲရဲ့ ဆက်စပ် အစီအစဉ် တခုအနေနဲ့ အခု ညီလာခံကို ကျင်းပခဲ့တာပါ။ ပြင်သစ် အစိုးရဟာ ဂျာမနီက ဦးဆောင်မယ့် ဥရောပ လေကြောင်း ကာကွယ်မှု စွမ်းရည် မြှင့်တင်ရေး အစီအမံတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။ Skyshieldလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စတင် အကောင်အထည် ဖော်ခဲ့ပြီး ဗြိတိန် အပါအဝင် ဥရောပ ၁၇ နိုင်ငံ စုပေါင်းထားပေမယ့် ပြင်သစ်ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။ ပြီးတော့ Skyshield အစီအမံတွေကို NATOရဲ့ လေကြောင်းကာကွယ်ရေး ဇုန်တွေနဲ့ ထည့်သွင်း ပေါင်းစပ်ဖို့လည်း လျာထားပါတယ်။

ဒါပေမဲ့ အဲဒီ ပရောဂျက်ဟာ ဥရောပရဲ့ အချုပ်အခြာ အာဏာ ကာကွယ်မှုအတွက် အမှန်တကယ် လုံလောက်မှု မရှိဘူးလို့ ပြင်သစ်က ယူဆထားပြီး အဓိက အကြောင်းရင်းကတော့ အမေရိကန်နဲ့ အစ္စရေး လေကြောင်းကာကွယ်ရေး စနစ်တွေအပေါ် အလွန်အကျွံ မှီခိုနေရတာကြောင့်လို့ ထောက်ပြသွားခဲ့ပါတယ်။

 

Ref: AFP