ကန့်ဘလူမြို့နယ်က စစ်ရှောင်စခန်းတွေမှာ ဇွန်လအတွင်း တရက် နှစ်ဦးနှုန်းမြွေဆိုးကိုက်ခံရ

ဇွန်၊ ၂၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်အတွင်းမှာဇွန်လ ၁ရက်ကနေဇွန်လ ၂၀ ရက် ဒီကနေ့ အထိ မြွေဆိုးကိုက်ခံရသူပေါင်း ၁၁ ဦးရှိပြီး အဲဒီလိုမြွေဆိုးကိုက်ခံရသူတွေဟာ စစ်ရှောင်တွေဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

‘’ဒီလမှာ မြွေဆိုးကိုက်ခံရတဲ့ စစ်ရှောင်၁၁ဦးက စစ်ရှောင်တဲထဲမှာသန့်ရှင်းရေးလုပ်ရင်းကိုက်ခံရတာ တို့ ၊ညဘက်အပေါ့အလေးသွားရင်းကိုက်ခံရတာတို့၊ နွားသိမ်းရင်းကိုက်ခံရတာတို့ ၊အဲ့ဒီလိုမျိုးတွေကနေမြွေဆိုးကိုက်ခံရတာ’’ လို့ အဲဒီအဖွဲ့တာဝန်ရှိသူကဆိုပါတယ်။

မြွေဆိုးကိုက်ခံရသူ ၁၁ ဦးမှာ အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီး ငါးဦးဖြစ်ပြီး သေဆုံးသူမရှိပေမယ့်အားလုံးကို မြွေဆိပ်ဖြေပေးထိုးပေးထားကာအချို့ လူနာတွေကို တော့ စောင့်ကြည့်နေရဆဲဖြစ်တယ်လို့လည်း အဲဒီအဖွဲ့ ကပြောပါတယ်။

‘’ဇွန်လ ၂၀ ရက် မနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ အသက် သုံးဆယ် အရွယ် အမျိုးသားတဦးမြွေဆိုးကိုက်ခံရပြီး BPI မြွေဆိပ်ဖြေဆေးနှစ်လုံးထိုးစောင့်ကြည့်နေဆဲဖြစ်ပါတယ်လို့ သိရပါတယ်’’ လို့ လည်း အဲဒီတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီဒေသမှာမြွေဆိုးကိုက်ခံရသူတွေဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေချိန် ၊ စစ်ရှောင်တဲမှာနေထိုင်နေချိန်နဲ့ ညဘက်အပေါ့အပါးသွားချိန်တွေနဲ့ တောထဲမှာ ထင်းခွေစတဲ့ အချိန်တွေမှာ အများဆုံးကိုက်ခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။

” ဒီဘက်မှာက အခုလို မိုးဦးတချက်ကျဆို မြွေပိုပေါတယ်၊ သူက တအားပူပြီးတော့မှ မိုးကျလိုက်တော့ မြွေဆိုးထွက်တဲ့အချိန်ပေါ့၊ အဲ့လိုအခြေအနေမှာ စစ်ရှောင်တွေကလည်း တောထဲမှာ အဆင်ပြေသလိုနေကြရတော့ မြွေအန္တရာယ်ပိုရှိနေတာပေါ့၊ နှစ်တိုင်းတော့ မြွေကိုက်လူနာတွေရှိတယ်၊ မနှစ်ကဆို ပိုများတယ်၊ ပြေးရတဲ့သူတွေများတာကိုး’’ လို့အဲဒီအဖွဲ့တာဝန်ရှိသူကDNA ဧပြီလက ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကုန်ပိုင်း ကစတင်ပြီး ယခုနှစ်  ဇွန် ၂၀ ရက်အထိ အဲ့ဒီဒေသမှာ စစ်ဘေးတိမ်းရှောင်နေရင်း မြွေဆိုးကိုက်ခံရသူအမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၂၄ ဦးစုစုပေါင်း ရှစ်ဆယ် ဦးတဲ့အနက် ကလေးငယ်နှစ်ဦးအပါအဝင် သေဆုံးသူ ခြောက် ဦး အထိရှိခဲ့ပါတယ်။

အဒီဒေသမှာမြွေဆိုးကိုက်ခံရတဲ့ အရေအတွက်ဟာ လက်လှမ်းမှီသမျှစုစည်းထားတဲ့အချက်အလက်တွေသာဖြစ်ပြီး မြေဆိုးကိုက်ခံရတဲ့လူနာအရေအတွက် ဒီထက်များနိုင်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။ 

ဒါ့အပြင် မြွေကိုက်ခံရလို့ သေဆုံးသူတွေဟာ မြွေဆိပ်ဖြေဆေးအလုံအလောက်မရှိတာ ၊အချိန်မီဆေးဝါးကုသမှုမခံယူနိုင်တာတွေကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားရတာဖြစ်တယ်လို့ လည်း ဒေသခံတွေက ပြောကြပါတယ်။

အဲ့ဒီဒေသမှာ လက်ရှိအနေအထားအရမြန်မာ့ဆေးဝါးလုပ်ငန်း BPI ထုတ်မြွေဆိပ်ဖြေဆေးတလုံးကို ကျပ်တသိန်းသုံးသောင်းလောက်ပေးရပြီး အိန္ဒိယမြွေဆိပ်ဖြေဆေးကတော့ ကျပ်နှစ်သောင်းခွဲကနေ သုံးသောင်းလောက်သာရှိပေမယ့် ဆေးတွေက လိုသလောက်ဝယ်မရဘူးလို့လည်းသိရပါတယ်။  

ဒါ့အပြင်  စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုဒဏ်ကြောင့် တောတွေထဲမှာ စစ်ဘေးရှောင်နေကြရသလို မြွေဆိုးအန္တရာယ်နဲ့ပါ ရင်ဆိုင်နေကြရပြီး မြွေကိုက်ခံရချိန်မှာ တနေရာနဲ့တနေရာ အလွယ်တကူသွားလာလို့မရတာကြောင့် အခက်အခဲတွေကြုံတွေ့နေကြရပါတယ်။

‘’မြွေဆိုးကိုက်လူနာဦးရေမြင့်တက်လာတာနဲ့ အမျှှမြွေဆိပ်ဖြေဆေးတွေလည်း အရေးပေါ်လိုအပ်နေပါတယ်’’ လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

Photo-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့