တအာင်းဒေသမှာ တအာင်းအမျိုးသားပညာရေးကော်မတီ စီစဉ်မှုနဲ့ တက္ကသိုလ်ဖွင့်တော့မယ်

ဇွန် ၊ ၂၀

ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုဂယက်တွေကြောင့် ပညာရေးလစ်ဟင်းနစ်နာခဲ့ရတဲ့ကျောင်းသားတွေ အဆင့်မြင့် ပညာ သင်ကြားနိုင်ရေးအတွက် တအာင်းဒေသထဲမှာ လာမယ့်နှစ်ကစပြီး တက္ကသိုလ်တခုဖွင့်လှစ်တော့မယ်လို့ တ အာင်းအမျိုးသားပညာရေးကော်မတီက ပြောပါတယ်။

အဲ့ဒီတက္ကသိုလ်ရဲ့ ပထမနှစ်သင်တန်းကို လာမယ့် ၂၀၂၄ခုနှစ်မှာ စတင်ဖွင့်လှစ်မယ်လို့ ဖော်ပြထားပေမယ့် ကာလ အတိအကျတော့ ဖော်ပြထားတာမရှိပါဘူး။တက္ကသိုလ်ဝင်ခွင့် အဆိုပြုလွှာတွေကို အခုနှစ် ဒီဇင်ဘာလမှာ စတင် လက်ခံမှာဖြစ်ပြီး အဆိုပြုလွှာတွေအပေါ် စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ အောင်မြင်သူတွေတက်ရောက်ခွင့်ရ မယ်လို့ဆိုပါတယ်။

တက္ကသိုလ်ဖွင့်လှစ်မယ့်အကြောင်း ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တအာင်းအမျိုးသား ပညာရေးကော်မတီ တာဝန် ရှိသူ တဦးကအတည်ပြုပေမယ့် လက်ရှိထုတ်ပြန်ထားတဲ့အချက်တွေထက် ပိုပြောလို့မရသေးကြောင်း DNA ကို ပြောပါတယ်။

အမျိုးသားညီညတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကျင်းပတဲ့ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲ ဖြတ်စာမေးပွဲ – ၂၀၂၃ ကို ဖြေဆိုအောင်မြင်ပြီးသူတွေနဲ့ အာဏာမသိမ်းမီက အခြေခံပညာပြီးမြောက်သူတွေအဲ့ဒီ တက္ကသိုလ်မှာ တက် ရောက်နိုင်မယ်လို့ သိရပါတယ်။

“ဦးလေးတို့ ဒေသမှာ ကိုယ်ပိုင်တက္ကသိုလ်ရှိအောင် မျှော်လင့်တာ ကြာပြီပေါ့၊ကိုယ့်ဒေသမှာ ကိုယ့်ရဲ့ တက္ကသိုလ် ဖွင့်နိုင်ခဲ့ရင် ဦးလေးတို့ရဲ့ ဒေသယဉ်ကျေးမှုရော၊ ဘာသာစကားရော ထွန်းကားပေါက်ပွားနိုင်မယ်လို့ ဦးလေးက ယုံကြည်မျှော်လင့်တာပေါ့၊ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဘာတို့ ဒေသချစ်စိတ်တို့ အဲဒီကနေ ကောင်းကောင်းမွန်မွန် ကိုယ်ဖြစ်ချင်တဲ့လူငယ်တွေကို မွေးထုတ်ပေးနိုင်မယ်လို့ မျှော်လင့်တောင့်တထားတယ်”လို့ နမ့်ဆန်မြို့က တအာင်း ဒေသခံတဦးက ပြောပါတယ်။

 တအာင်းမြေတက္ကသိုလ်မှာ စီးပွားရေးပညာ၊ ဒဿနိကဗေဒ၊ ရုက္ခဗေဒ၊ နိုင်ငံရေးသိပ္ပံနဲ့ စိုက်ပျိုးမွေးမြူ ရေးဘာ သာရပ်တွေကို  သင်ကြားပေးမှာဖြစ်ပြီး အရည်အချင်းပြည့်မီသူတွေကို နိုင်ငံတကာနဲ့ တခြားအဆင့်မြင့် မိတ်ဖက် တက္ကသိုလ်/ ကောလိပ်တွေမှာ ဆက်လက်ပညာသင်ယူနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

 စစ်အာဏာသိမ်းပြီးနောက် တနှစ်အကြာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ တအာင်းအမျိုးသားပါတီ(TNP) နဲ့ တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ တအာင်းကျောင်းသားနဲ့လူငယ်များအဖွဲ့ (TSYU)၊ တအာင်းအမျိုး သမီးအဖွဲ့အစည်း (TWO)၊ တအာင်းပညာရေးအင်စတီကျူ့ (TEI) ၊ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (TLA)၊ တအာင်းသံဃာတော်အဖွဲ့ – ဗဟို (TSA)တို့ အစည်းအဝေးပြုလုပ်ပြီး တအာင်းအမျိုးသားပညာရေးကော်မတီ ကိုစ တင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

 တအာင်းအမျိုး သားပညာရေး ကော်မတီ (TNEC) ဟာလက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းဒေသ အ တွင်းမှာ မူလတန်း၊အလယ်တန်း၊အထက်တန်း ကျောင်းပေါင်းစတဲ့အခြေခံပညာစာသင်ကျောင်း ၅၀၀ နီးပါးအထိ ဖွင့်လှစ်ကာ ဒေသတွင်း တိုင်း ရင်းသား ဘာသာစကားတွေနဲ့ ဦးစားပေးသင်ကြားပေးတဲ့ ပညာရေးစနစ်ကို ပုံဖော် နေပါတယ်။

 ဒါဟာ စစ်ကောင်စီလက်အောက်ခံပညာရေးစနစ်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ သီးခြား အစီအစဉ်နဲ့ သင်ကြားပေးနေတဲ့ ပညာရေးစနစ်တခုဖြစ်ပြီး NLD အစိုးရလက်ထက် ပညာရေးစနစ်အတိုင်း သင်ကြားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တအာင်းအမျိုးသားပညာရေးကော်မတီဟာ အခြေခံပညာ တအာင်းပညာရေးအကယ်ဒမီသင်တန်း ကျောင်းကိုလည်း ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

 “ကိုယ့်ဒေသ၊ ကိုယ့်ပလောင်လူမျိုး တကယ့်ပညာတတ်၊ ပညာရှိတွေ ကိုယ့်ဆီမှာ ရှိအောင် မွေးထုတ် ပေးနိုင် မယ် လို့ မျှော်လင့်တာပေါ့နော့”လို့ တအာင်းအမျိုးသားပညာရေးကော်မတီက ဖော်ဆောင်နေတဲ့ ပညာရေး အ စီအစဉ် တွေနဲ့ ပတ်သက်လို့ နမ့်ဆန်ဒေသခံတဦးက ပြောပါတယ်။