ဝေါမြို့မှာသံသယနဲ့ ဖမ်းဆီးခံထားရသူတွေထဲက ငါးဦးစစ်ကြောရေးမှာ သေဆုံး

ဇွန်၊ ၁၉

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံ အရပ်သား နှစ်ဆယ်ဝန်းကျင်ထဲက ငါးဦးဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။

“ ပြီးခဲ့တဲ့လမှာ တဦးသေတယ်၊ အဲဒါကို မိသားစုကို စခန်းကလာပြောတယ်၊ ရင်ခွဲရုံးမှာ အလောင်းကို သွားကြည့်တော့ ရိုက်နှိက် ခံထားရတဲ့ ဒဏ်ရာနဲ့ သေနေတာ၊ နောက်လေးဦးကတော့ ရှေ့ပတ်ထဲမှာ မိသားစုကို အကြောင်းကြားလာတယ်၊ သူတို့အတွက် နားရေလုပ်ပေးလို့ရပြီးတဲ့၊ အဲဒါပဲ လာပြောသွားတယ်၊ ရဲစခန်းကလေ။” လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြောခွင့်ရသူက DNA ကို ပြောပါတယ်။

စစ်ကြောရေးမှာ သေဆုံးသွားတဲ့သူတွေဟာ ဖိုးစပါယ်ရွာမှ အသက် ၅၃ နှစ်အရွယ် Non- CDM ကျောင်းဆရာမ ဒေါ်တင်မျိုးခိုင်နဲ့ အမျိုးသား ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးဝင်းဇော်ဌေး၊ အသက် ၄၅ နှစ်အရွယ် ကိုဆံရှည်နဲ့ ကျုံပါရွာမှ အသက် ၆၀ နှစ်အရွယ် ဦးမြသိန်း၊ အသက် ၃၅ နှစ်အရွယ် ကိုကျော်မြင့်သိန်းတို့ ဖြစ်ပါတယ်။

အဲဒီသေဆုံးသူငါးဦးထဲက ပြီးခဲ့တဲ့လက သေဆုံးခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်မြင့်သိန်းရဲ့ အလောင်းကိုသာ မိသားစုက တွေ့ခွင့်ရခဲ့ပြီး ကျန်လေးဦးကိုတော့ မိသားစုကဘယ်နေ့ သေတာမသိရသလို အလောင်းကိုလည်းမြင်ခွင့်မရခဲ့ဘူးလို့လည်းသိရပါတယ်။

“ ဘယ်နေ့သေလဲ၊ ဘာကြောင့်သေလဲ မသိဘူး၊ အစ်ကိုတို့ သိထားတာက သူတို့ကို အဲဒီကတည်းက စစ်ကြောရေးကို ခေါ်သွားတာပဲ အခု သေတဲ့ အထဲမှာဆိုရင် ကိုကျော်မြင့်သိန်းကပဲ မိသားစုတွေက တွေ့ခွင့်ရတာလေ၊ အလောင်းတောင်မရဘူး၊ သူတို့ကတော့ ပေါ့ပေါ့လေးပဲ၊ လာပြောသွားတယ်၊ မိသားစုတွေလည်း အတော်လေးကို ခံစားရတာပေါ့နော်။” လို့ ဝေါ PDF ပြောခွင့်ရက ဆိုပါ တယ်။

ဝေါမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နဲ့ ပဲခူးခရိုင်တပ်ရင်း(၃၇၀၁)ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက် ည ၇ နာရီခန့်မှာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်နဲ့ ညောင်ခါးရှည် ရဲစခန်းကို ဝင်ရောက်ခိုက်ခဲ့ပါတယ်။ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရတဲ့အချိန်ဟာ ရဲတပ်ဖွဲ့ဝင်တွေ တန်းစီနေကြတဲ့အချိန်ဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ ဝင်တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီအချိန်က ထုတ်ပြန်ထားပါတယ်။

တဆက်တည်းမှာပဲ ညောင်ခါးရှည်ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးကိုလည်း တော်လှန်ရေးအင်အားစုတွေက  ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ညောင်ခါးရှည်၊ ကဒွတ်၊ ဖိုးစပ္ပါယ်၊ ကျုံပါရွာ အစရှိတဲ့ ကျေးရွာမှ ဒေသခံတွေကို ဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်မှုရှိခဲ့စွပ်စွဲချက်နဲ့ အရပ်သားသုံးဆယ် ဦး ထက်နည်းကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ညောင်းခါရှည် ဒေသခံက DNA ကို ဖြေဆိုထားပါတယ်။

ဖမ်းဆီးခံရတဲ့တွေထဲက ဆယ် ဦးဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်တဲ့သူတွေကို ပြန်လွှတ်ပေး ပေးခြင်းမရှိဘဲ တချို့က ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ်ပျက်နေသလို တချို့က အမှုဖွင့်ခံရပြီး တရားရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြောခွင့်ရသူက ဆိုပါတယ်။

“ ပြန်လွှတ်ပေးတာ နည်းနည်းပဲ ဆယ် ဦးလောက်ပဲ ရှိမယ်၊ အမှုဖွင့်ခံထားရတဲ့သူတွေဆို အခုဆို ရုံးတောင် ထုတ်နေကြပြီး၊ ခုနှစ် ဦး၊ ရှစ်ဦးလောက်ရှိမယ်၊ ကျွန်တော်တို့ သိထားသလောက်ဆို၊ ကျန်တဲ့သူတွေကတော့ အခုထိ အဆက်အသွယ်ပြတ်နေဆဲပဲ။ အခု ဖမ်းခံထားရတဲ့သူတွေက အသက်အရွယ်ကျားမအစုံပဲ၊ အားလုံးက သာမန်အရပ်သားတွေပဲ။” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ၊ဧပြီလ  ၃၀ အထိ နိုင်ငံတဝှမ်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ၃၄၄၇ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ စစ်ကောင်စီရဲ့ စစ်ကြောရေး၊ ရဲစခန်း၊ ဘားတိုက် စတဲ့နေရာတွေမှာစစ်ကောင်စီတပ်၊ ရဲနဲ့ထောက်ခံသူတွေလက်ချက်နဲ့ သေဆုံးသူပေါင်း ၁၁၆၃ ဦးရှိပြီး သေဆုံးသူစုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်းရှိတယ်လို့ ပါရှိပါတယ်။