ဇွန်၊ ၁၉
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေး လမ်းစ ရနိုင်မှာမဟုတ်ဘူးလို့ NLD ပါတီဗဟိုအလုပ်ကော်မတီက ဒီကနေ့ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်အထိ လူထုရဲ့ ချစ်ခင်မှု၊ ယုံကြည်အားကိုးမှု တွေကို ရနေဆဲဖြစ်သလို လူထုခေါင်းဆောင်အဖြစ်လည်း သတ်မှတ်ခံထားရပြီး ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေးပြဿနာတွေကို ဖြေရှင်းရာမှာ ခြွင်းချန်ထားလို့မရတဲ့ အရေးပါဆုံး ပုဂ္ဂိုလ်တဦး ဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ဒီကနေ့မှာ ထုတ်ပြန်ချက်တရပ် ထုတ်ပြန်လာတာပါ။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံတွေ၊ ပြည်တွင်း ပြည်ပ မိတ်ဖက် အင်အားစုတွေ အားလုံးနဲ့အတူ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မမျိုးစုံနဲ့ စွပ်စွဲတရားစွဲဆိုပြီး ထောင်ဒဏ် နှစ်သုံးဆယ်ကျော် ချမှတ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထိန်းသိမ်းခံရချိန်ကတည်းက လက်ရှိအချိန်အထိ ရှေ့နေအဖွဲ့နဲ့ ထိတွေ့ရတာ ကလွဲလို့ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရသလို အာဆီယံ အထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး တောင်းဆိုချက်တွေကိုလည်း စစ်အုပ်စုက လျစ်လျှူရှု ငြင်းပယ်ထားပါတယ်။
စစ်အုပ်စုက ဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၁၉ ရက် သူမရဲ့ ၇၅ နှစ် မြောက် မွေးနေ့မှာ လူထုကို ကျေးဇူးတင်စကား ပြောခဲ့ပြီးကတည်းက ဒီကနေ့အပါအဝင် အထီးကျန်တဲ့ မွေးနေ့တွေကို သုံးနှစ်ဆက် ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။
ဒီကနေ့ ၇၈ နှစ်မြောက်မွေးနေ့မှာ NLD ပါတီ ဗဟိုကော်မတီအပါအဝင် ပြည်ပ နိုင်ငံတချို့နဲ့ ပြည်တွင်းက လူထုနဲ့ တော်လှန်ရေးအင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ၊ ပန်းသပိတ် လှုပ်ရှားမှုတွေ၊ လူထု သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလိုလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ကြသူအားလုံးကို ကျေးဇူးတင်ရှိတဲ့အကြောင်း NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NLD ပါတီဝင် အများစု ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရပေမယ့် အခက်အခဲတွေကို ခါးစည်းခံကာ နွေဦးတော်လှန်ရေးမှာ တဖက်တလမ်းက နိုင်ရာတာဝန်ကို ပါဝင်ထမ်းဆောင်နေတယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ – State Counsellor Office