ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်ခဲ့ခြင်းက အကြီးမားဆုံး အဆုံးအရှုံး တခုလို့ မြောက်ကိုရီးယား ဝန်ခံ

ဇွန်၊ ၁၉

ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်တဲ့ အားထုတ်မှုမှာ ချွတ်ချော် တိမ်းစောင်းခဲ့တာဟာ အကြီးမားဆုံး ထိခိုက် ဆုံးရှုံးမှု တခုဖြစ်တယ်လို့ မြောက်ကိုရီးယား အာဏာပိုင်တွေက ဝန်ခံခဲ့ပါတယ်။

မေလ ၃၁ ရက်မှာ မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ပထမဆုံး ထောက်လှမ်းရေး ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲ လက်တွေ့ လွှတ်တင်ဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အစီအစဉ်က မအောင်မြင်ခဲ့ဘဲ ဂြိုဟ်တုကို သယ်ဆောင်သွားတဲ့ ဒုံးပျံက ပေါက်ကွဲ ပျက်စီးသွားခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရကတော့ ဂြိုဟ်တု လွှတ်တင်ရေး ကိစ္စကို ပထမအကြိမ် အရေးနိမ့်ရုံနဲ့ လက်လျှော့မှာ မဟုတ်ဘဲ အမှားတွေကို သင်ခန်းစာယူပြီး ဒုတိယအကြိမ် အားထုတ်မှုအတွက် အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်လို့ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အာဏာရ အလုပ်သမား ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ အဲဒီ ချွတ်ချော် မှားယွင်းမှုနဲ့ ပတ်သက်လို့ တင်ပြ ဆွေးနွေးခဲ့ပါတယ်။ အတွင်းသတင်းတွေအရ ဂြိုဟ်တု လွှတ်တင်ရေး ကိစ္စကို တာဝန်ယူ စီမံကိုင်တွယ်ရတဲ့ အရာရှိတွေကို လိုအပ်တဲ့ အသေးစိတ် စစ်ဆေးပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အစိုးရပိုင် KCNA သတင်းဌာနက ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်ခဲ့တာကို ကြီးမားတဲ့ အဆုံးအရှုံး တရပ်အဖြစ် မှတ်ချက်ပြု ရေးသားခဲ့ပြီး ဖြစ်ရပ်နဲ့ ပတ်သက်လို့ နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးဖို့ ကော်မတီထဲမှာ တောင်းဆိုမှုတွေ ရှိခဲ့ကြောင်း အတည်ပြု ဖော်ပြသွားပါတယ်။

လေ့လာသူတွေကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည် နည်းပညာဟာ အံ့မခန်း မြန်နှုန်းမျိုးနဲ့ မြင့်တက်လာတဲ့တိုင် ကမ္ဘာပတ်လမ်းထဲ ဂြိုဟ်တုလွှတ်တင်တဲ့ ကိစ္စထိ ခြေလှမ်းပြင်လာတာကတော့ အလှမ်းကျယ်လွန်းသလို ဖြစ်နေနိုင်ကြောင်း မှတ်ချက် ပေးထားကြပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုဟာ ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုတွေ တော်တော်များများကို ချိုးဖောက်ရာ ရောက်နေကြောင်း စွပ်စွဲခဲ့ပေမယ့်လည်း မြောက်ကိုရီးယားကတော့ ရန်သူ့ စစ်ရေး လှုပ်ရှားမှုတွေကို တန်ပြန် ထောက်လှမ်း စောင့်ကြည့်ဖို့အတွက် ဂြိုဟ်တု လွှတ်တင်ခြင်းဟာ နိုင်ငံတိုင်းအတွက် အခြေခံ အကျဆုံး အခွင့်အရေး တခုလို့ တုံ့ပြန်ထားပါတယ်။

 

Ref: AFP