ဇွန်၊ ၁၉
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း အများပြည်သူသုံး YBS ဘတ်စ်ကား တွေပေါ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။
” စစ်တာတော့ ယောကျ်ားလေးတွေပဲ စစ်တယ်၊ အိတ်တွေ ဖွင့်စစ်တာ၊ ဖုန်းလည်း စစ်တယ်။ သူတို့က (စစ်တပ်) ခိုးဆိုးလုနှိုက်တွေ ရှိလို့ စစ်တယ်ပြောတာပဲ ” လို့ စစ်ဆေးတာကို ကြုံခဲ့ရဖူးတဲ့ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက် ညနေပိုင်းမှာဆိုရင်လည်း လသာမြို့နယ်၊ ဗိုလ်ချုပ်လမ်း ပေါ်က ဆေးရုံကြီး မှတ်တိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ YBS ယာဥ်တွေကို နားခိုင်းပြီး တက်ရောက်စစ်ဆေးနေတာကို Delta News Agency က တွေ့ရှိခဲ့ရပါတယ်။
အဲဒီနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့် YBS ကားတွေအပေါ် တက်ရောက်စစ်ဆေးခဲ့ပေမယ့် ကားပေါ်ပါလာသူတွေ ဖမ်းဆီးခံရတာတော့ မရှိခဲ့ပါဘူး။
” ကားပေါ်ပါလာတဲ့ လူတွေရဲ့ မျက်နှာကို တယောက်ချင်းလိုက်ကြည့်တယ်၊ ကျန်တာတော့ ထွေထွေထူးထူးမစစ်ဘူး” လို့ YBS 56 ပေါ်မှာ အဲဒီစစ်ဆေးမှုကို ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။
အဲဒီစစ်ဆေးမှုမှာ ဗိုလ်မှူး အဆင့်နဲ့ ဗိုလ်ကြီး အဆင့်ရှိတဲ့ စစ်တပ်အရာရှိ နှစ်ဦး၊ ရဲမှူး တဦး၊ ဒုရဲအုပ် တဦး၊ တပ်ကြပ်ကြီး အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးနဲ့ ထွေအုပ်ဝန်ထမ်း အမျိုးသား နှစ်ဦး ပါဝင်တာကိုတော့ တွေ့ရှိခဲ့ရပြီး ယာဥ်ထိန်းရဲနဲ့ အခြားစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်လည်း ပါဝင်ပါတယ်။
YBS ဘတ်စ်ကား အသုံးပြုပြီး သွားလာနေတဲ့ အမျိုးသမီးတဦးကတော့ သူစီးလာတဲ့ ကားပေါ်မှာ အဲလိုစစ်ဆေးတာကို ကြုံဖူးသလို အခြားကားတွေပေါ်မှာ စစ်ဆေးနေတာကိုလည်း တွေ့ဖူးတယ်လို့ ဆိုပါတယ်။
“ကိုယ်တိုင်ကြုံဖူးတာတော့ တခါပဲ၊ ယောကျ်ားလေးတွေကို ဖုန်းယူပြီး စစ်တာ၊ လမ်းသွားရင်း အခြားကားတွေပေါ်မှာ အဲလိုစစ်နေတာကိုလည်း တခါတွေ့ဖူးတယ်။ ကိုယ့်အသိတွေလည်း အဲလိုစစ်ဆေးတာ ၃ ကြိမ် ကြုံဖူးကြတယ် ” လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့ခံတွေကတော့ စစ်ကောင်စီတပ်က အခုလို စစ်ဆေးတာဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်နေသူတွေကို ဖမ်းဆီးဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။
ဒီလိုစစ်ဆေးမှုတွေအပြင် လမ်းသွားလမ်းလာ လူငယ်တချို့ကို စစ်ကောင်စီ လုံခြုံရေးဘန်ကာတွေနားကို ခေါ်ယူပြီး ဖုန်းစစ်ကာ ငွေညှစ်တောင်းခံမှုတွေ ရှိတဲ့အကြောင်းကိုလည်း ကိုယ်တိုင်ကြုံရတဲ့ ရန်ကုန်မြို့က လူငယ်တွေက ပြောဆိုထားကြပါတယ်။
ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားနဲ့ သွားလာနေသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခုလို စစ်ဆေးတာတွေကို ကြုံနေရတဲ့အပြင် ခိုးဆိုးလုနှိုက်တွေရဲ့ ခါးပိုက်နှိုက်တာ၊ လုယက်တာနဲ့ ပြန်လည်ခုံခံပါက အုပ်စုဖွဲ့ ရန်ပြုတာတွေကိုပါ အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ ကြုံနေကြရပါတယ်။
ဓာတ်ပုံ – DNA