ရွှေဘိုနဲ့စစ်ကိုင်းမှာ ပီဒီအက်ဖ်နှစ်ဦးအပါအဝင် ခြောက်ဦးအသတ်ခံရ

ဇွန်၊ ၁၈
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ စစ်ကိုင်းမြို့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)နှစ်ဦး အပါအဝင် ခြောက်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက DNA သတင်းဌာနကို ပြောပါတယ်။
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့မှာ ဇွန်လ ၁၅ ရက်က စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်နှစ်ဦးနဲ့ အရပ်သားသုံးဦး ပစ်သတ်ခံခဲ့ရတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။
 
“ ပစ်သတ်ခံရသူတွေက လူငယ်ပိုင်း နှစ်ဆယ်ပတ်ချာလည် တော်လှန်ရေး ရဲဘော်နှစ်ဦး၊ အသက်လေးဆယ်ဝန်းကျင် အမျိုးသားနှစ်ဦးနဲ့ အသက်ခြောက်ဆယ်အရွယ် အမျိုးသားတဦး အားလုံးပေါင်း ငါးဦး သတ်ခံရတယ်။ အသေးစိတ်အချက်လက်တွေတော့ မသိရသေးဘူး ” လို့ ရွှေဘိုမြို့က ဒေသခံတဦးဖြစ်တဲ့ ကိုမှိုင်းက DNA ကိုပြောပါတယ်။
 
သေဆုံးသူတွေဟာ ရွှေဘိုမြို့နယ်၊ ကင်းပြားရွာက သုံးဦး၊ အိုးဘိုခံရွာက တဦးနဲ့ မြင်းချင်းရွာက တဦး ဖြစ်ပြီး ကင်းပြားရွာရဲ့ ဘုရားဝန်းအတွင်းမှာ ဇွန်လ ၁၅ ရက်က ဖမ်းဆီးခံရတာလို့လည်း လွတ်လပ်တဲ့အာရှအသံ RFA က ရေးသားထားပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ အဲဒီငါးဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် ဇွန်လ ၁၇ ရက်မနေ့က ရွှေဘိုမြို့နဲ့ ခြောက်မိုင်အကွာ ရွှေဘို ဆိပ်ခွန်လမ်းဘေးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
 
အဲဒီစစ်ကောင်စီတပ်တွေဟာ ကင်းပြားရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ခြောက်ဆယ်ခန့်နဲ့ ဇွန်လ ၁၅ ရက်မနံနက် ၅ နာရီအချိန်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အရပ်သားတွေရဲ့နေအိမ်တွေကို ဝင်ရောက်ခိုးယူပြီး နေအိမ် ၁၆ လုံးပါ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျီကုန်းရွာကို စစ်ကောင်စီတပ်တွေက ဇွန်လ ၁၇ ရက်မနေ့က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတဦးကို လည်လှီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ စစ်ကြောင်းဝင်လာတုန်းက သတ်သွားတာ။ လည်လှီးပြီး မီးရှို့ထားတဲ့ အလောင်းကို နေ့လည်ပိုင်း နယ်မြေရှင်းလင်းရေး ဝင်တော့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တွေ့ခဲ့တာ ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
အသတ်ခံရသူဟာ အသက်ငါးဆယ်အရွယ် ဦးဆန်းဝင်းအောင် ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ ပေါက်မရွာ ကနေလာတဲ့ အင်အား တရားနီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက မနေ့ကမနက် ၇ နာရီအချိန် စစ်ကြောင်းဝင်လာပြီးတဲ့နောက်မှာ သတ်ဖြတ်ခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
“ လက်ရှိအခြေနေကတော့ ရွာက နေအိမ်ရှစ်လုံးပဲ မီးရှို့ခံရတာဆိုတော့ ရွာထဲပြန်ဝင်နေကြပြီ၊ ပေါက်မကတော့ ရွာလုံးကျွတ်နီးပါး ရှို့ခံရတော့ ရှောင်နေကြတုန်းပဲ ” လို့သူကဆိုပါတယ်။
 
အဆိုပါစစ်ကြောင်းဟာ လက်ရှိမှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေတွင်းကုန်း ရွာကို စစ်ကြောင်းထိုးနေတာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်အထိ ထုတ်ပြန်ထားတဲ့ စာရင်းအရ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကနေ စတင်ပြီး သေဆုံးခဲ့တဲ့ အရပ်သား ၃,၆၆၃ ဦး အထိ ရှိလာပြီဖြစ်ပါတယ်။
 
ဓာတ်ပုံ​- SYP