သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သား လေးဦးကို ဖမ်းဆီးရမိ

ဇွန်၊ ၁၈
 
မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ကားလမ်းပိုင်းမှာ ဇွန်လ ၁၈ ရက် ဒီကနေ့ မနက်ပိုင်းက တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ လမ်းသွားလမ်းလာတွေကို ရှောင်တခင်စစ်ဆေးရာမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
 
“ မနက်က အဖွဲ့တွေ အများကြီးပဲပေါ့နော်၊ ရေးလမ်းပိုင်းမှာ ယာဉ်တွေကို စစ်ဆေးတာပေါ့၊ အဲဒီမှာ အိမ်စီးကားနဲ့ လာတဲ့ စစ်သား လေးဦးကို ဖမ်းမိတာ၊ ဖမ်းမိတဲ့အဖွဲ့က ကျွန်တော်တို့ အဖွဲ့တော့ မဟုတ်ဘူး၊ စစ်ဆေးတာက နေရာသုံးလေးနေရာမှာ ကျွန်တော်တို့ အဖွဲ့လည်း ပါတယ်၊ ဖမ်းမိတာက တောင်ညို၊ KNLA ပူးပေါင်းအဖွဲ့ စစ်တဲ့နေရာမှာ ဖမ်းမိတာပါ ” လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)တာဝန်ခံ ဗိုလ်ရန်နိုင်က DNA ကို ပြောပါတယ်။
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ မှ တပ်ဖွဲ့တွေ၊ ရေးမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ က ဒီကနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းမှာ သံဖြူဇရပ်-ရေး-ထားဝယ် ကားလမ်းပိုင်းမှာ နေရာ သုံးနေရာခွဲပြီး လုံခြုံရေးအရ လမ်းသွားလမ်းလာကို ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
အဲဒီလို ခရီးသွားပြည်သူတွေကို လုံခြုံရေးအရ စစ်ဆေးခဲ့ရာမှာ ရေး-သံဖြူဇရပ် ကားလမ်းမ လိမ္မော်ခြံအနီးမှာ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက အိမ်စီးကားနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။
 
“ သိသလောက်တော့ သေနတ်အတိုတွေတော့ ပါလာတယ်၊ တယောက်က ဧရာဝတီတိုင်း ခလရ (၃၅)က တယောက်ပါတယ်၊ ရေတပ်ပါတယ်၊ လေတပ်က တယောက်ပါတယ်ပေါ့နော်၊ သူတို့လေးယောက်ပေါ့နော် ” လို့ ဗိုလ်ရန်နိုင်က ဆက်ပြောပါတယ်။
 
လက်ရှိ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာ KNLA ဘက်က ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
အဲဒီလို ခရီးသွားပြည်သူတွေကို စစ်ဆေးရာမှာလည်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ PDF အမျိုးသမီးစစ်သည်တွေလည်း ပါဝင်ပြီး ခရီးသွားပြည်သူတွေကလည်း ပူးပေါင်းပါဝင်မှု ရှိတယ်လို့လည်း ဆိုပါတယ်။
 
မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-ဘိတ် အမှတ် (၈)လမ်းမကြီး တလျှောက်မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေအနေနဲ့ ခရီးသွားပြည်သူလူထုတွေကို အကာအကွယ်ယူပြီး အသုံးပြုသွားလာနေတာ ရှိပါတယ်။
 
အဲဒီအတွက် လမ်းပိုင်းကို အသုံးပြု သွားလာနေကြတဲ့ မော်တော်ယာဉ်တွေကို ဇွန်လ ၁၅ ရက်က စတင်ပြီး လုံခြုံရေးအရ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၇)မှ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)
ပုံစာ – သံဖြူဇရပ်-ရေးလမ်းပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆေးနေစဉ်။