မြောက်ဥက္ကလာမြို့နယ်က မြတ်မောင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး လုံခြုံရေးနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ

ဇွန်၊ ၁၈
 
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဈရပ်ကွက်၊ ဘုမ္မလမ်း ထိပ်မှာရှိတဲ့ မြတ်မောင်ရွှေဆိုင် ကို ဒီကနေ့ ဇွန်လ ၁၈ ရက် ညပိုင်းက လူတစုက ဝင်ရောက်‌ဓါးပြတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးဝန်ထမ်းတွေလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုင်ပိုင်ရှင်က DNA ကိုပြောပါတယ်။
ဒီကနေ့ ညနေပိုင်းက လက်နက်ကိုင်ဆောင်ထားတဲ့ လူလတ်ပိုင်း အမျိုးသားသုံးဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး လက်နက်ပြ ခြိမ်းခြောက် ဓါးပြတိုက်ခဲ့တာလို့ ဆိုပါတယ်။
” ဈေးကဆိုင် မဟုတ်ပါဘူး။ ကိုဗစ် စဖြစ်ကတည်းက အိမ်မှာ ပြောင်းဖွင့်ထားတာ။ CCTV မှတ်တမ်းအရ တရားခံ သုံးဦးပါ။ ဆုံးရှုံးမှု တန်ဘိုးကိုတော့ မစစ်ရသေးဘူး။ လုံခြုံရေးတွေ ရောက်နေတော့ သူတို့စစ်တာတွေ ဖြေနေရတယ်။ ပစ္စည်းခန့်မှန်းဆိုရင်တော့ တော်တော်များတယ် စိန်ထည်တွေပါ ပါသွားတာ ” လို့ မြတ်မောင်ရွှေဆိုင်ပိုင်ရှင်က DNA ကိုပြောပါတယ်။
 
ဒီလို လုယက်နေချိန်မှာ လုံခြုံရေးဝန်ထမ်းတွေက ပြန်လည်ခုခံရာမှာ လက်နက်ကိုင်ဆောင်ထားသူတွေက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လုံခြုံရေးဝန်ထမ်းနှစ်ဦး ခြေထောက်နဲ့ လက်ဝဲခုံတွေကို ကျည်ထိမှန်ဒဏ်ရာရခဲ့တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ ဆက်ပြောပါတယ်။
ပစ်ခတ်လုယက်မှု ဖြစ်ပြီးချိန်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး နေအိမ်ဝန်းကျင်နဲ့ မီးပွိုင်တချို့မှာ လူငယ်အမျိုးသားတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာလည်း သာကေတမြို့နယ် ၁၀‌ ဈေးမှာရှိတဲ့ ကြယ်စင်လင်း ရွှေဆိုင်ကို အမျိုးသားလေးဦးက သေနတ်ပြလုယက်ခဲ့ပြီး ရွှေထည်ပစ္စည်း သိန်းလေးထောင်ကျော် ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
 
ဓာတ်ပုံ – CJ