တရားသူကြီး ဦးပုဏ္ဏက ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး NUG ရဲ့ တုန့်ပြန်ချက်မရရှိသေး

ဇွန် ၊ ၁၈

စစ်ကိုင်းတိုင်း၊  ပုလဲမြို့နယ် ကြားကာလ တရားစီရင်ရေး ၊ တရားသူကြီး တဦးဖြစ်တဲ့  ဦးပုဏ္ဏက( ခေါ် )ဦးဇာနည်မောင်ကို မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA )အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပေမဲ့ ဒီကနေ့ အမျိုးသားညီညွတ်ရေးအစိုးရNUG ထံက တုန့်ပြန်ချက်မရရှိသေးဘူးလို့ DNA က စုံစမ်းသိရပါတယ်။

“  ကျွန်တော်တို့ NUG အစိုးရကို မှတ်တမ်းမှတ်ရာနဲ့တင်ထားပေးတာပဲ။ ဒါကိုသူတို့ဖက်က တိကျသေချာတဲ့ လုပ်ငန်းစဉ် ဖော်မပေးနိုင်သေးဘူးလေ။ ဒီလိုသာ ဆက်သွား မယ်ဆို ကျွန်တော်တို့က တော်လှန်းရေးအပေါ် လူထုရဲ့ယုံကြည်မှုတွေ မနည်းဘူးကျဆင်းသွားမယ် “ လို့ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ ကိုဇော်ထက်က ပြောပါတယ်။

မင်းတိုင်ပင်ရွာ မှာ အမှုသွားစစ်ပြီး ပြန်လာတဲ့ ဦးပုဏ္ဏက(ခေါ်)ဦးဇာနည်မောင် ကို MRDA အဖွဲ့မှ  ဇွန်လ ၇ ရက်က ဖမ်းဆီးထိန်းသိမ်း ပြီးနောက် NUG ဝန်ကြီးချုပ်ရုံး ကို  မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရော(ပအဖ ) ပါ တိုင်တန်းချက်တွေ ပို့ခဲ့ပေမယ့် NUG အစိုးရ အနေနဲ့ ယနေ့ထိ တုံ့ပြန်ချက် တစုံတရာ မရှိသေးဘူးလို့ဆက်ပြောပါတယ်။

ဒီလိုကိစ္စမျိုးတွေ NUG အစိုးရအနေနဲ့ မြန်မြန်ထိန်းချုပ်ဖိုလိုပြီး လက်နက်ရှိတဲ့သူက အနိုင်ကျင့်လို့ရမယ်ဆိုရင်NUG အစိုးရကိုယုံကြည်မှုမဲ့လာကာ လူထုကတော်လှန်းရေးအပေါ်ယုံကြည်မှုကျဆင်းလာနိုင်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ တာဝန်ခံတွေက စဉ်းစားချင့်ချိန်ပြီးလုပ်တတ်ဖို့လိုတယ်လို့ ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က သူတို့ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အပါအဝင် တရားစီရင်ရေး၊ အခွန်ကောက်ခံတာစတဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုငိ်ရာတွေကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဦးပုဏ္ဏက ခေါ် ဦးဇာနည်မောင်ဟာ MRDA အဖွဲ့ကို တရားဝင်လို့လားဆိုပြီး ပြီးခဲ့တဲ့နှစ်က ပုလဲ Entertainment လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောကြားထားတာရှိတယ်လို့ ဗိုလ်နဂါးက ပြောဆို ထားပါတယ်။

အဲဒါနဲ့ပတ်သတ်ပြီး တောင်းပန်တဲ့အကြောင်း အဲဒီစာမျက်နှာကတဆင့်ပြန်တင်ပေးရင် ဦးပုဏ္ဏက ကျူးလွန်ထားတဲ့ အမှုတွဲတွေနဲ့ ပြန်အပ်မှာဖြစ်ပြီး လက်ရှိ ကြားကာလတရားသူကြီးရာထူးကနေ ရပ်စဲပေးဖို့ လည်း တောင်းဆိုထားပါတယ်။

ဒီလုပ်ရပ်ဟာာ  လူတယောက်ကို သေနတ်နဲ့ထောက်ကာ ဗိုလ်ကျအနိုင်ကျင့်ပြီးတင်ခိုင်းတာဟာ မီဒီယာကျင့်ဝတ်နဲ့ မညီလို့  တင်မပေနိုင် တဲ့အတွက်ယခုချိန်ထိ ထိန်းသိမ်းခံထားရတာလို့လည်း ကိုဇော်ထက်ကရှင်းပြထားပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ကခေါင်းဆောင် ဗိုလ်နဂါး ကတော့ ညီတဝမ်းကွဲတော်စပ်သူ ဦးပုဏ္ဏက (ခေါ်) ဦးဇာနည်မောင်ကို စစ်အာဏာမသိမ်းခင်က ကျေးရွာမီးလင်းရေးကော်မတီမှာလုပ်ဆာင်ချက်တွေ၊ အရင် အဖွဲ့ဝင်ဟောင်းတယောက်အနေနဲ့ ဖမ်းဆီးထားတာလို့ ပြောထားပါတယ်။

 ဦးပုဏ္ဏက (ခေါ်)ကိုဇာနည်မောင်ကို တရားသူကြီးခန့်အပ်ပြီးသားဖြစ်တာကြောင့် တရားရေးနဲ့ ပူးပေါင်းပြီး အရေးယူတဲ့နေရာမှာ မြို့နယ်အဆင့်နဲ့ခရိုင်အဆင့်ကို မယုံကြည်တဲ့အတွက်ကြောင့် ဗဟိုကိုတော့ ယုံကြည်မှုထားပြီးပူးပေါင်းဆောင်ရွက်ခဲ့တာလို့ဗိုလ်နဂါးကပြောပါတယ်။

“ ကျွန်တော်က မြို့နယ် ပကဖ တွေ၊ ခရိုင်ပကဖ တွေကို အယုံကြည်မရှိဘူး။ ဒါတည့်တည့်လေးပဲပြောတာ ။အဲ့တာ ဗဟိုနဲ့ပူးပေါင်းဆောင်ရွက်တယ် ။ဒါနဲ့ပတ်သက် ပြီး ဗဟိုတရားရေးဌာနကနေ သူတို့အရေးယူပေးမယ် နော် ။ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က သူတို့ဆီကို လွှဲပြောင်းပေးဖို့ မေတ္တာ ရပ်ခံစာလည်းပို့ထားတယ် “ လို့ လည်းဆက်ပြောပါတယ်။

ဦးပုဏ္ဏက (ခေါ်) ဦးဇာနည်မောင်ကို မဖမ်းခင်တုန်းက ကာကွယ်ရေး ဝန်ကြီးဌာနကို အရေးယူမယ်ဆိုတာနဲ့ပတ်သက်ပြီး အကြောင်းကြားစာပို့ခဲ့ပြီး ဖမ်းပြီးနောက်ရက်မှာလည်း ဗဟိုတရားရေးကို တိုက်ရိုက်ချိတ်ဆက်ပြီးဆွေးနွေးတာတွေရှိခဲ့တယ်လို့ ဗိုလ်နဂါးကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲက ဗဟိုတရားစီရင်ရေးဌာနကို တရားခံ လွှဲပြောင်း ပေးအပ်တဲ့ အကြောင်းကြားစာပို့ပြီးတာနဲ့ဦးပုဏ္ဏက (ခေါ်) ဦးဇာနည်မောင်ကို ဗဟိုတရားရေးဌာနကို လွှဲပြောင်းပေးသွားမယ်လို့လည်းဆိုပါတယ်။

‘’ကျွန်တော်တို့မှာ NUG ပဲရှိလို့ NUGကို အားကိုးထားတယ်။ ဒါပေမယ် ့NUG မျက်နှာဖုံးအောက်မှာ ဒူးထောက်ဝင်နေပြီး ပြည်သူတွေ နဲ့တော်လှန်ရေးသမားတွေ ကို ဖိနေတဲ့သူတွေနဲ့ ကိုယ်ကျိုးရှာနေတဲ့သူတွေကို ပြန်ရွေးချယ်ပြီး ပြန်ပြင်စေချင်တယ်။ မဟုတ်ရင် အစိုးရနဲ့တော်လှန််ရေးသမားတွေ လူမြင်သေးစရာအဖြစ်နဲ့ကျဆုံးသွားမယ်’’ လို့ ဗိုလ်နဂါးက ပြောပါတယ်။