ကသာမြို့နယ်အနီးမှာ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ရာနဲ့ချီထွက်ပြေးနေရ

ဇွန် ၊ ၁၈

စစ်ကိုင်းတိုင်း ၊ကသာမြို့အနီး ကသာ-ဗန်းမော်သွားကားလမ်းဘေးရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သုံးရာကျော်လောက်ဟာ နေရပ်စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။

“ အခုစစ်ကြောင်း ဝင်နေတဲ့ရွာတွေကမြို့နဲ့ဆိုသိပ်မဝေးတော့ဘူးပေါ့။ မြို့အထက်ပိုင်းလောက်ကျတယ် ကသာမြို့အထွက်နဲ့ဆိုရင် နှစ်မိုင်လောက်ပဲရှိတယ်။ အဲနားက သုံးလေးရွာလောက်က ဒေသခံ သုံးလေးရာနီးပါးလောက်တော့ရှိမယ် စစ်ရှောင်နေကြတာပေါ့။ စစ်ရှောင်က အမြဲတမ်းတော့ ရှောင်တဲ့ပုံစံမဟုတ်ဘူး သူတို့ထွက်ရင်ပြန်ဝင်ကြတာပေါ့ “ လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၈၈ လက်အောက်ခံ ခမရ ၄၁၅ နဲ့ ၄၁၆ က အင်အား ခုနှစ်ဆယ် ကျော်လောက်ဟာ ဒီရက်ပိုင်းအတွင်း ကသာမြို့နယ်ထဲက နတ်လှိုင်၊ မန်စီ၊ နလယ်အင်း၊ မင်္ဂလာသုခ ရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေကဆိုပါတယ်။

ဒါအပြင် မနေ့ကညပိုင်းက မင်္ဂလာသုခရွာမှာ ညအိပ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KIA ၊ ကသာမြို့ ပြည်သူကာကွယ်ရေးအဖွဲ့ ၊မိုးတားတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပကဖ )ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွဲတွေဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

လက်တလောတိုက်ပွဲဖြစ်နေတဲ့ ရွာတွေမှာ နယ်မြေရှင်းလင်းရေးမလုပ်ရသေးတဲ့အတွက် နှစ်ဖက်ထိခိုက်မှုခြေနေတွေကို အသေးစိပ်မသိရသေးဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။

“ သူတို့က ဒီမြို့နယ်ထဲကို အနောက်ဖက်ခြမ်းသွားလိုက်၊ အရှေ့ဖက်ခြမ်းသွားလိုက်လုပ်နေတာပေါ့။ သူတို့လှုပ်ရှားနယ်မြေလည်း ဖြစ်တယ်လေ။ အခုရက်ပိုင်းအတွင်းကတော့ ရွာတွေမီးရှို့တာဘာညာမရှိသေးဘူး။ တိုက်ပွဲတွေကသူတို့တိုးလာရင် ဒီဖက်ကလည်း ပြန်ခုခံတဲ့သဘောရှိတယ်။ သူတို့(စကစ) အပေါ်မူတည်တယ် ။သူတို့ကလည်း တအားတိုးတဲ့ပုံစံတော့ မရှိပါဘူး “ လို့ ဒေသခံ တဦးကဆိုပါတယ်။

ဒီလ ပထမအပတ်တုန်းက စစ်ကောင်စီတပ်က  ကသာမြို့နယ် ၊ဒိုးပင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီးတဲ့နောက်ကျေးရွာကို မီးရှို့ခဲ့သလို ဒေသခံ ရွာသားနှစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ခုနှစ်၊  မေလအထိ မြန်မာတစ်နိုင်ငံလုံးမှာပြည်တွင်းနေရပ်စွန့်ခွါထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၈သန်းကျော်အထိရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး ( UNOCHA ) ကထုတ်ပြန်ထားပါတယ်။

အဲဒီအထဲကမှာ ၁ ဒဿမ  ၅ သန်းလောက်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေကြား ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်ပါတယ်။

ပုံစာ-စစ်ကိုင်းတိုင်း၊ကသာမြို့ ၊မိုးနားကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီနှစ်အစောပိုင်းက မီးရှို့ခဲ့စဉ်။