အခမဲ့တက်ရောက်နိုင်မယ့် ဖက်ဒရယ်အခြေခံသင်တန်း SFIG နဲ့ Burma Academy တို့ ပူးပေါင်းပြီး စတင်ဖွင့်လှစ်နေ

ဇွန် ၊ ၁၈

ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးအခြေခံသဘောတရားတွေကိုနားလည်နိုင်ဖို့  Federalism Fundamentals: Exploring the Principles and Practices ဆိုတဲ့သင်တန်းကို SFIG နဲ့  Burma Academy တို့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကစတင်ဖွင့်လှစ်နေတယ်လို့ သင်တန်းတာဝန်ရှိသူတွေကပြောပါတယ်။

 သင်တန်းမှာတော့  ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး အခြေခံသဘောတရားတွေကိုနားလည်ဖို့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို ရှုမြင်သုံးသပ်နိုင်ဖို့ တိုင်းရင်းသားမျိုးနွယ်စုတွေကြား ကာလကြာရှည်ရုန်းကန်လာတဲ့ အကြောင်းအရင်းကို သိမြင်ဖို့နဲ့ အနာဂါတ်နိုင်ငံတော်ကိုဘယ်လိုမျှော်မှန်းချက်တွေနဲ့ တည်ဆောက်မလဲဆိုတဲ့ သိမှုတွေအတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့သင်တန်းတာဝန်ရှိသူတွေကဆိုပါတယ်။

 ‘’နိုင်ငံသားတဦးချင်းစီကမိမိနိုင်ငံကဘယ်စနစ်နဲ့အုပ်ချုပ်နေတယ်။ဒီစနစ်ကနေမိမိအတွက်ဘယ်လောက်အကျိုးရှိတယ်ဆိုတဲ့ အခြေခံသိရမယ့်အချက်တွေရှိပါတယ်။နောက်တခုက နိုင်ငံသားတဆင့်ကျော်ပြီး အုပ်ချုပ်ရေးမှာ ဝင်ရောက်ယှဉ်ပြိုင်တယ်၊ လုပ်ကိုင်တယ်။ ဒါမှမဟုတ် CSO(အရပ်ဖက်အဖွဲ့အစည်း) အနေနဲ့လုပ်တယ်၊ ပါဝင်တယ်ဆိုရင်လည်း နိုင်ငံရဲ့နိုင်ငံရေးစနစ်တွေကိုယ့်ကိုအုပ်ချုုပ်တဲ့အစိုးရတွေဆီကနေ ကိုယ်ဘာတွေရနိုင်တယ်၊ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာသိဖို့လိုတယ်။ပိုပြီးတော့အစိုးရမြင့်တဲ့အဆင့်တွေမှာ ဝင်ရောက်လုပ်ချင်တယ်အကယ်ဒမစ်အနေနဲ့ဖြစ်ဖြစ်၊ အစိုးရ အရာရှိအနေနဲ့ဖြစ်ဖြစ် ရွေးကောက်တင်မြှောက်ခံဖြစ်ဖြစ်ဝင်ပြီးလုပ်မယ်ဆိုရင်ကိုယ့်နိုင်ငံရဲ့နိုင်ငံရေးစနစ်တွေကိုနားလည်ထားဖို့လိုတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ပေါင်းပြီးတော့  သင်တန်းကို စတင်မိတ်ဆက်ပေးရတာဖြစ်တယ်။  တဖက်မှာလည်း ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ပြောဆိုဆွေးနွေးမှုတွေ မြန်မာပြည်သူလူထုကြားမှာရော ဘာသာရပ်ဆိုင်ရာလေ့လာသူတွေကြားမှာရော အစိုးရအဖွဲ့အစည်းတွေကြားမှာရော နိုင်ငံရေးပါတီတွေကြားမှာရောအလွှာစုံမှာပျံနှံရမယ်တိုးတက်နေရမယ်ဆိုပြီးလုပ်ဆောင်နေတဲ့ရည်ရွယ်ချက်ရှိပါတယ်’’ လို့  SFIG ရဲ့ တာဝန်ရှိသူကဆိုပါတယ်။

 ဒီသင်တန်းမှာတော့လက်ရှိနွေဦးတော်လှန်ရေးကာလရဲ့ပန်းတိုင်တခုလည်းဖြစ်တဲ့ဖက်ဒရယ်စနစ်နဲ့ပတ်သတ်ပြီး အခြေခံကနေ စတင်နားလည်နိုင်အောင်၊ နားလည်ပြီးသားလူတွေအနေနဲ့လည်း ကိုယ့်ရဲ့သိမှုအတိုင်းအတာတွေကို ပြန်လည်ဆန်းစစ်နိုင်အောင်တက်ရောက်သင့်တယ်လို့လည်း ဆက်ပြောပါတယ်။

 အွန်လိုင်းသင်တန်းလည်းဖြစ်တဲ့ ဒီသင်တန်းကို Course link – https://tinyurl.com/BA-FedFun ကနေအခမဲ့တက်ရောက်နိုင်မှာဖြစ်ပြီး အခြေခံကျတဲ့ဗီဒီယိုကလစ်တွေ နဲ့ စာတမ်းတွေကို နိုင်ငံတကာအတွေ့အကြုံတွေကို မူတည်ပြီးသင်ကြားနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 ဒီအခြေခံသင်တန်းပြီးတဲ့အခါမှာလည်း  ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ပိုပြီးအသေးစိတ်ကျတဲ့  ဒီပလိုမာသင်တန်းကိုဆက်လက်တက်ရောက်နိုင်ဖို့အတွက် စီစဉ်နေတယ်လို့လည်း သင်တန်းစီစဉ်သူတွေကဆိုပါတယ်။