ပုလောမှာ စစ်ကောင်စီက ခရီးသည်တင်ကားတွေကို အကာအကွယ်ယူပြီးတိုက်ခိုက်ခဲ့တယ်လို့ဆို

ဇွန် ၊ ၁၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲမှာ ဒီကနေ့ နေ့လယ်ပိုင်းက ခရီးသည်တင်ယာဉ်တွေကို ရှောင်တခင်စစ်ဆေး နေချိန် စစ်ကောင်စီတပ်တွေက စတင်ပစ်ခတ်လာလို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁) က သတင်းထုတ်ပြန်ပါတယ်။

ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာအနီးမှာ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက ရှောင်တခင်စစ်ဆေးမှု လုပ်နေကြချိန်မှာ ကျောက်သယ်ကားနှစ်စီးနဲ့ ပလမြို့ဘက်ကနေ ခရီးသည်ယာဥ်တွေကြားက လိုက်ပါလာတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေက စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က(စစ်တပ်) ပလမြို့ စစ်ဆေးရေးဂိတ်မှာ ကားတွေကို မသွားခိုင်းဘဲထားထားတာ၊ အကြာကြီး ထားထား ပြီးမှ သွားခိုင်းတော့ ခရီးသည်ကားတွေက များတယ်၊အဲတော့ကြားထဲသူတို့လိုက်လာတာကို မသိလိုက်ဘူး၊ သူတို့ စီးလာတဲ့ကားကတော့ ချောဆွဲလာတဲ့ ကားတွေဖြစ်ဖို့များတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက တော်လှန်ရေး တပ်ဖွဲ့တွေ စစ်ဆေးမှုလုပ်နေတဲ့ ပဝတ်ကုန်းရွာနဲ့ မိုင်ဝက် လောက် ဝေးတဲ့ ကဒဲကျေးရွာ အနီးကနေ စတင်ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး နှစ်ဖက် နာရီဝက်လောက် အပြန်အလှန်ပစ် ခတ်ခဲ့ ကြတယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှု မရှိပေမယ့် ကျောက်သယ် ကား မောင်းလာတဲ့ အလယ်တောင်ကျေးရွာက အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတဦး ကျည်ဆန်ထိမှန် သေဆုံး သွားတယ်လို့ သိရပါတယ်။

 “ပစ်ခတ်မှုဖြစ်နေချိန် အနားမှာ ခရီးသည်ကားတွေတော့များတယ်၊သူက စစ်တပ်ကားနဲ့ ကပ်ပြီးပါလာလို့ ထိ သွားတာ စစ်တပ်ဘက်က ထိခိုက်မှုကိုတော့ သေချာမသိရဘူး” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြော ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ကတော့ သေဆုံးခဲ့ရတဲ့ ယာဥ်မောင်းဖြစ်သူရဲ့ မိသားစုနဲ့ ထပ်တူဝမ်းနည်းရကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။အဲ့ဒီနှစ်ဖက် ပစ်ခတ်မှုနဲ့ပတ်သက်လို့ အသေး စိတ်အခြေအနေတွေကို DNAက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ပဝတ်ကုန်းရွာဟာ ပုလောမြို့နဲ့ ခြောက်မိုင်လောက်အကွာ ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ တည်ရှိ တာပါ။

ထားဝယ်-ကော့သောင်း ကားလမ်းမကြီးတလျှောက် ခရီးသည်ကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှောင်တခင်စစ်ဆေးတာတွေ လုပ်လေ့ရှိပြီး အဲဒီလို စစ်ဆေးချိန်မှာ ခရီးသည်ကားနဲ့ ပါလာတဲ့ စစ်ကောင်စီ တပ် ဖွဲ့ဝင်ကိုတွေ့ရှိတာကြောင့် သုံးဦးထက်မနည်း ဖမ်းဆီးခံရဖူးပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ပြည်ထောင်စုကားလမ်းမကြီးတလျှောက် ခရီးသွားတွေအနေနဲ့ လုံခြုံရေးအရ ရှောင်တခင် စစ်ဆေးတာကို ကြည်ဖြူစွာ စစ်ဆေးခံကြဖို့ ပြောပါတယ်။ ဒါ့အပြင် စစ် ကောင်စီတပ်တွေနဲ့ စစ်ရေးတင်းမာနေတာကြောင့် မြိတ်-ပုလော ကားလမ်းမကြီးတလျှောက် ည ၇ နာရီကနေ မနက် ၄ နာရီအတွင်း ခရီးမသွားကြဖို့လည်း မြိတ်ခရိုင်တပ်ရင်း ၁ က ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်အသိ ပေး ထား ပါတယ်။