မယ်စဲ့မြို့ကိုစစ်ကူပေးဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေဖားဆောင်းမှာတိုက်ပွဲဖြစ်နေ

ဇွန် ၊ ၁၇

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ကျောက်ပိန်းညိုကျေးရွာအနီးမှာ ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ရက်ဆက် အနီးကပ်တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေကDNA ကို ပြောပါတယ်။

 “ကျွန်တော်တို့ မနေ့က ညနေ သုံးနာရီခွဲက ထိတွေ့တိုက်ပွဲ ဖြစ်ကြပါတယ်၊ဒီရက် မနက် ၁၀ နာရီလောက်ထပ်ပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပါတယ၊ သူတို့စစ်ကောင်စီဘက်က သေတာရှိသလို ကျွန်တော်တို့ရဲဘော်ဒဏ်ရာ ရတာရှိ ပါတယ်၊အခုလေးထိပစ်နေကြတုန်းပါ” လို့ ဖားဆောင်းပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဖားဆောင်းမြို့နယ်နဲ့ မယ်စဲ့မြို့နယ်ကြားက သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီက ထိ တွေ့တိုက်ပွဲတွေ စဖြစ်ခဲ့သလို ဒီကနေ့ ဇွန်လ ၁၇ ရက်မနက် ၁၀ နာရီလောက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ချေရှိနေတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်ဆက် တိုက်ပွဲတွေဟာ အနီးကပ်တိုက်ပွဲတွေ ဖြစ်တာကြောင့် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြုတာမျိုးတော့မရှိသေးဘူးလို့ သိရပါတယ်။

ဒီတိုက်ပွဲတွေအတွင်း နှစ်ဖက် ထိခိုက်မှုတွေရှိတယ်လို့ကနဦးသိရပေမယ့် သေဆုံး၊ထိခိုက်မှုအခြေအနေ အသေး စိတ်ကိုတော့မသိရသေးပါဘူး။

“မနေ့က စစ်ကြောင်းတကြောင်း သံလွင်(မြစ်)ကျော်လာတယ်ပြောတယ်၊လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကျောက်ပိန်းညိုတောင်ကုန်းပေါ်ကနေ ကျွန်တော်တို့အဖွဲ့တွေက နေရာယူပြီးတော့မှ စောင့်ပစ်တာပေါ့၊ ဖား ဆောင်းဘက်ကို‌တော့ စစ်အင်အားဖြည့်မှာပဲ၊ ပြီးရင် မယ်စဲ့ဘက်ကို‌တော့ ကူးမှာပဲ ” လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သံလွင်မြစ် အနောက်ဘက်ခြမ်းက ဖားဆောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခလရ ၁၃၄ နဲ့ ခလရ ၁၃၅ တပ်ရင်းတို့ ရှိပြီး ဖားဆောင်းမြို့မှာ စစ်အင်အားဖြည့်၊စုစည်းကာ သံလွင်မြစ်အ ရှေ့ ဘက်ခြမ်းကမယ်စဲ့မြို့ကို စစ်ကူတွေ ပို့ဖို့ စစ်ကောင်စီက ကြိုးစားနေတာလို့ သိရပါတယ်။

မယ်စဲ့မြို့မှာတော့ ဇွန်လ ၁၃ရက်ကတည်းက တိုက်ပွဲတွေစဖြစ်ခဲ့တာပါ။မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ စစ် စခန်းသုံးခုနဲ့ ရဲစခန်း တခုတို့ ကို ကရင်နီပူးပေါင်းတပ်တွေက ဇွန်လ ၁၃ရက်မှာ စီးနင်းတိုက်ခိုက်ခဲ့ကြပြီးနောက် လက်ရှိ အဲ့ဒီမြို့နယ်အတွင်းမှာ စစ်ကောင်စီခြေကုတ်ယူထားနိုင်တဲ့ စခန်းကုန်းတခုတည်းသာ ရှိနေတော့တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

လက်ရှိ မယ်စဲ့မြို့မှာ စစ်ကောင်စီရဲ့ ဝန်ထမ်းတွေအားလုံး ထွက်ပြေးကုန်ကြသလို စစ်ကောင်စီ ယန္တရား လည် ပတ်နိုင်မှု မရှိတော့ဘဲ ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နဲ့ ကရင်နီပူးပေါင်းတပ်တွေက မြို့ရဲ့ ဧရိယာအများစုကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။