အလုပ်ရှင်တွေပေးသောနှစ်သိမ့်ဆု(သို့မဟုတ်) အနည်းဆုံးလုပ်ခနှပ်ကြောင်း

ဇွန် ၊ ၁၇

 စက်ရုံ၊အလုပ်ရုံတွေက အလုပ်သမားတွေအကြားဒီလပိုင်းအတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့သတင်း တခုရှိ နေပါတယ်။

စက်ရုံတချို့က လက်ရှိပေးနေတဲ့ တရက်လုပ်ခ(တရက်(၈နာရီ)ကို ၄၈၀၀ ကျပ်ပေးနေရာကနေ ကျပ် ၅၀၀၀၊ ၆၀၀၀ ကျပ်အထိ တိုးပေးလာတာကြောင့်ဖြစ်ပါတယ်။ များသောအားဖြင့် စက်ရုံအများစုက ၅၆၀၀ကျပ်နူန်း သတ်မှတ်ပေးလာကြတာပါ။

စက်ရုံတချို့ကအလုပ်သမားအသစ်ခေါ်ယူရာမှာ အဲဒီနှုန်းထားအသစ်ကို ထည့်သွင်းဖော်ပြခဲ့ရာက လုပ်ခတိုး လာတယ်ဆိုတာအလုပ်သမားတွေသိလာခဲ့ကြပြီးနောက်တော့ လူသစ်မခေါ်တဲ့စက်ရုံတချို့ကပါ ဇွန်လကစလို့ လုပ်ခတိုးပေးမယ်ဆိုတဲ့ ကြေညာတာမျိုးရှိလာခဲ့ပါတယ်။

စက်ရုံအားလုံးပြိုင်တူလုပ်အားခတိုးပေးလာကြတာမဟုတ်ဘဲ ရုံတချို့က လုပ်အားခပြင်ဆင်မှုလုပ်လာကြတာပါ။ လက်ရှိတိုးပေးလာတဲ့ လုပ်အားခဟာ အရင်နှုန်းထားထက် တရက် ကျပ် ၈၀၀၊တလ ကျပ် နှစ်သောင်းခွဲလောက် ပိုတိုးရရှိစေမှာဖြစ်ပါတယ်။

အခုလိုလုပ်အားခတိုးပေးတာဟာအလုပ်သမားတွေအတွက် သတင်းကောင်းလို့ဆိုနိုင်ပေမယ့် ဒီလိုမျိုး စက်ရုံ တွေ က ညှိထားကြတဲ့အလား ဒီနှုန်းထားအတိုင်း အပြိုင်အဆိုင် လုပ်အားခတိုးပေးလာခြင်းရဲ့နောက်ကွယ်ကအ ကြောင်းအရင်းကိုတော့ မေးခွန်းထုတ်သူတွေရှိနေပါတယ်။

“တရုံ၊ နှစ်ရုံက လုပ်အားခတိုးပေးတာမျိုးမဟုတ်ဘဲ၊ရုံတော်တော်များများက တူညီတဲ့နူန်းနဲ့တချိန်တည်းလုပ်အားခ ပြင်ဆင်လာတာစဥ်းစားစရာ”လို့ မြန်မာနိူင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မူ လုပ်ငန်းပေါင်းစုံအလုပ်သမား သမဂ္ဂ များအဖွဲ့ချုပ်တာဝန်ရှိသူကပြောပါတယ်။

 အလုပ်သမားတွေအနေနဲ့အနည်းဆုံးလုပ်ခတိုးပေးဖို့ ငါးနှစ်လောက် ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုခဲ့ကြအပြီးမှာ စက်ရုံပိုင်ရှင်တွေဘက်က အခုလို တလ ကျပ်နှစ်သောင်းခွဲဆိုတဲ့ နှုန်းထားကို တပြိုင်တည်းလိုလို တိုးပေး လာ ကြတာပါ။

NLD အစိုးရလက်ထက် ၂၀၁၈ခုနှစ်မှာ တရက်အနည်းဆုံးလုပ်ခ ၄၈၀၀ကျပ်သတ်မှတ်လိုက်ပြီးကတည်းက အခု အချိန်အထိ တရားဝင်အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်မပြဌာန်းနိုင်ခဲ့ပါဘူး။

 အဲဒါကြောင့် အလုပ်သမားတွေအနေနဲ့ ၄၈၀၀ကျပ်သတ်မှတ်ပြီးချိန်ကစလို့ အနည်းဆုံးအခကြေးငွေထပ်ပြင်ပေးဖို့ အစဥ်တစိုက်တောင်းဆိုခဲ့ကြတာပါ။

NLDအစိုးရလက်ထက် ၂၀၂၀မှာ နူန်းထားအသစ်ပြင်ဆင်သတ်မှတ်ဖို့ အစိုးရ၊အလုပ်ရှင်၊အလုပ်သမား သုံးပွင့်ဆိုင် ညှိနိူင်းဆွေးနွေးမှုတွေလုပ်ခဲ့ကြပေမယ့် နူန်းထားအသစ်မကြေညာခင်မှာ COVID-19ကပ်ရောဂါ၊ ရွေးကောက်ပွဲ ကာလတွေဆက်တိုက်ပေါ်ပေါက်ခဲ့တာကြောင့် တုံ့ဆိုင်းခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၂၁ခုနှစ် မှာ စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာတာကြောင့် အနည်းဆုံးလုပ်ခလစာတိုးဖို့ အလုပ်သမား တွေရဲ့ မျှော်လင့်ချက်ဟာမှေးမှိန်ခဲ့ရပြန်ပါတယ်။

ဒါပေမယ့်အလုပ်သမားတွေအနေနဲ့အာဏာသိမ်းကာလဖြစ်နေတဲ့ကြားက လုပ်အားခတိုးပေးဖို့နည်းမျိုးစုံနဲ့ တောင်းဆိုခဲ့ကြပါတယ်။

အာဏာသိမ်းမှုဂယက်ကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းသွားတာ၊အထွေထွေကုန်ဈေးနှုန်းတွေအဆမတန် မြင့်တက် လာတာတွေဟာ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာတိုးပေးဖို့ မဖြစ်မနေတောင်းဆိုနေရတဲ့အကြောင်းရင်း တခု ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်အုပ်စုကရော၊ အလုပ်ရှင်တွေကပါ အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို လျစ်လျူရှု ပစ်ပါယ်ထားခဲ့ကြပါတယ်။

“လုပ်ခတိုးတောင်းလို့ အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေလည်းရှိခဲ့တယ်၊ အလုပ်ရှင်တွေကတော့လုပ်ခတိုးပေးဖို့ လေသံတောင်မဟခဲ့ဘူး”လို့ ရွှေပြည်သာမြို့နယ်က အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးကပြောပါတယ်။

ထင်ရှားတဲ့ဖြစ်ရပ်က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ Adidasဖိနပ်ချုပ်တဲ့မြန်မာပေါင်ချိန်စက်ရုံက အနည်းဆုံးလုပ်ခတိုး ပေးဖို့တောင်းဆိုတဲ့အလုပ်သမားတချို့အလုပ်ထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို လုပ်အားခတိုးပေးဖို့ ခါးခါးသီး သီးငြင်းဆန်ခဲ့တဲ့ စက်ရုံလုပ်ငန်းရှင်တွေက ဒီလပိုင်းမှာ သူတို့သဘောနဲ့သူတို့လုပ်ခတိုးပေးလာတာကြောင့် အလုပ် သမားတွေအဖို့ အံ့ဩကြရတဲ့ အခြေအနေဖြစ်လာပါတယ်။

လုပ်ခတိုးပေးမယ့်စက်ရုံတွေထဲမှာ လုပ်အားခတိုးတောင်းလို့အလုပ်ထုတ်ခဲ့တဲ့ မြန်မာပေါင်ချိန်စက်ရုံလည်းပါဝင် ခဲ့ပြီးတစ်ရက်လုပ်ခ ၅၂၃၃ကျပ်ယာယီသတ်မှတ်ပေးမယ်လို့ အဲဒီစက်ရုံကကြေညာထားပါတယ်။

“တချို့စက်ရုံတွေဆိုပြီးခဲ့တဲ့လကတည်းက လုပ်ခတိုးပေးမယ်လို့ကြိုအသိပေးထားတာ၊ အလုပ်သမားတွေကပျော် ရမလိုမပျော်ရမလိုနဲ့”လို့ လှိုင်သာယာမြို့နယ်ကအထည်ချုပ်အလုပ်သမားတဦးကပြော​ပါတယ်။

လုပ်ခ​တိုးပေးပေမယ့် အလုပ်သမားတွေအပြည့်အဝမပျော်နိုင်တဲ့အကြောင်းကတော့  အခုစက်ရုံတွေကတိုးပေးတဲ့ ပမာဏဟာအလုပ်သမားတွေတောင်းဆိုထားတဲ့ပမာဏထက်အများကြီးလျော့နည်းနေတာကြောင့်ဖြစ်ပါတယ်။

အလုပ်သမားတွေက တိုးမြင့်လာတဲ့ကုန်စျေးနှုန်းနဲ့ ကြားကာလမှာနှုန်းထားအသစ် ပြင်ဆင်သတ်မှတ်ဖို့အ ကြိမ် ကြိမ် ပျက်ကွက်ခဲ့တာတွေကို ကာမိစေဖို့ တရက်လုပ်ခကို ကျပ်တသောင်းအထိ တိုးမြှင့်သတ်မှတ်ပေးဖို့ အလိုရှိ နေကြတာပါ။

“ကျပ်တသောင်းဆိုတဲ့နူန်းက တကယ်တွက်ကြည့်ရင် အလုပ်သမားတွေရကိုရသင့်တဲ့နှုန်းပဲ၊ နိူင်ငံခြားငွေလဲနှုန်း ကွာဟချက်တွေအရ ဒါလုပ်ခတိုးတောင်းတယ်လို့တောင်မဆိုနိုင်ဘူး”လို့ MICS-TUsF တာဝန်ရှိသူကပြောပါတယ်။

အလုပ်ရှင်တွေဟာ ပြည်ပကအထည်အော်ဒါအပ်တဲ့ကုမ္ပဏီတွေဆီကနေ နိုင်ငံခြားငွေနဲ့ချုပ်ခရရှိနေတာဖြစ်ပြီး အ လုပ်သမားတဦးရဲ့ တရက်လုပ်အားခကို သုံးဒေါ်လာနှုန်းနဲ့တွက်ချက်တင်ပြထားတာလို့သူကဆိုပါတယ်။

၂၀၁၈ခုနှစ်က အမေရိကန်တဒေါ်လာကို ၁၃၀၀ကျပ်နီးပါးပေါက်စျေးရှိနေချိန်မှာ အလုပ်သမားတဦးရဲ့ လုပ်အား ခကို သုံးဒေါ်လာနဲ့ နှုန်းထားညီမျှတဲ့ ၄၈၀၀ကျပ်သတ်မှတ်ပေးခဲ့ကြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်နှစ်နှစ်ခွဲလောက်အကြာ လက်ရှိမှာတော့ အမေရိကန်တဒေါ်လာကို ၃၀၀၀ ကျပ်ဝန်း ကျင်အထိ ဖြစ်သွားပေမယ့်အလုပ်ရှင်တွေက အလုပ်သမားကိုပေးချေတဲ့ ၄၈၀၀ကျပ်ကတော့ပြောင်းလဲမှု မရှိသေးပါဘူး။

အဲဒီလိုအချက်တွေကြောင့် အလုပ်သမားတွေက လုပ်ခတိုးပေးဖို့နဲ့ တိုးပေးသင့်တဲ့ပမာဏတွေ ထုတ်ဖော်တောင်း ဆိုခဲ့ကြတာလို့ဆိုပါတယ်။ဒီတောင်းဆိုမှုတွေကိုအလုပ်ရှင်တွေက လျစ်လျူရူနေတာကြောင့် အလုပ်သမားအ ဖွဲ့တွေဟာ မြန်မာနိုင်ငံကအထည်ချုပ်စက်ရုံတွေဆီအော်ဒါအပ်တဲ့ ကုမ္ပဏီတွေအထိတိုက်ရိုက်တင်ပြမှုတွေ ပါလုပ်ခဲ့ကြပါတယ်။

​ အခုလို လုပ်ခအပြောင်းအလဲအနည်းငယ် ရှိလာတာဟာ အဲဒီလို အော်ဒါအပ်တဲ့ကုမ္ပဏီတွေဆီက တုန့်ပြန်မှု ကြောင့်လည်းဖြစ်နိုင်တယ်လို့ အလုပ်သမားအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

ဒါ့အပြင် မကြာခင်ပြုလုပ်မယ့် ILOညီလာခံမတိုင်ခင်မှာ စစ်ကောင်စီအနေနဲ့အလုပ်သမားတွေကိုအလေး ထား ကြောင်း ပုံရိပ် ပြလိုတဲ့အတွက်အခုလို လုပ်ခတိုးပေးတဲ့လမ်းကြောင်းကစားပြတာဖြစ်နိုင်တယ်လို့လည်း အလုပ်သ မားအရေးလှုပ်ရှားသူတွေကဆိုပါတယ်။ “သေချာတာကတော့အခုလိုတက်ညီလက်ညီလုပ်ခပြောင်းလာတာကမရိုးဖြောင့်ဘူး၊ရည်ရွယ်ချက် ချက်ကတော့ ရှိနေလိမ့်မယ်။နောက်ကွယ်က လုပ်ခိုင်းတဲ့သူရှိနေလိမ့်မယ်”လို့ ​သွေးစည်းညီညွတ်သောသမဂ္ဂများအ ဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးကမှတ်ချက်ပြုပါတယ်။

အခုလို စက်ရုံတွေရဲ့ လုပ်ခပြောင်းလဲလာမှုဟာ မကြာသေးခင်လအနည်းငယ်အတွင်းက စစ်ကောင်စီခန့် အလုပ် သမား ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းရှိန်နဲ့လုပ်ငန်းရှင်တွေတွေ့ဆုံပြီးနောက်မှ ဖြစ်လာတာလို့လည်း စောင့် ကြည့်သူတွေကဆိုပါတယ်။

 လက်ရှိမှာ စက်ရုံအများစုက တစ်ရက် ၅၆၀၀ကျပ်နှုန်းသံပြိုင်သတ်မှတ်ပေးလာကြပြီး လုပ်ခမတိုးပေးသေးတဲ့စက် ရုံတွေမှာလည်း အလုပ်ရှင်ခန့်သမဂ္ဂတချို့ကို ၅၆၀၀ ကျပ်တိုးမြှင့်ပေးဖို့နောက်ကွယ်ကနေ တောင်းဆိုခိုင်း တဲ့သတင်းစကားတွေလည်းထွက်ပေါ်နေပါတယ်။

ဒါဟာ အလုပ်ရှင်နဲ့ စစ်ကောင်စီက နောက်ပြင်ဆင်သတ်မှတ်မယ့် တရက်လုပ်ခကို ကြိုတင်လက်ဝါးချင်းရိုက် နှပ်ကြောင်းပေးနေတဲ့သဘောဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေကသုံးသပ်ကြပါတယ်။ “မြန်မာနိုင်ငံမှာအလုပ်သမားတွေကိုလုပ်ခတိုးပေးနေတယ်ဆိုပြီးနိူင်ငံတကာနဲ့ အော်ဒါအပ်တဲ့Brand ကုမ္ပဏီတွေ ကိုပြချင်တာလည်းပါမယ်၊အများကြီးလည်းတိုးမပေးချင်ဘူး၊အဲဒီအခါအခုလို အကွက်ချလာတာလို့ယူဆတယ်”လို့ STUMတာဝန်ရှိသူကပြောပါတယ်။

လုပ်ခတိုးမြှင့်ပေးလာတဲ့အခြေအနေနဲ့ ပတ်သက်လို့ DNA က စက်ရုံလုပ်ငန်းရှင်တချို့ဆီ ဆက်သွယ်မေးမြန်း ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ကဖြေကြားဖို့ငြင်းဆန်ကြပါတယ်။

အခုနှပ်ကြောင်းခိုင်မာလာရင်တော့ စစ်ကောင်စီဟာ ဒီလမ်းကြောင်းအတိုင်း အနည်းဆုံးအခကြေးငွေနှုန်းထား အသစ် ကြေညာလာနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကပြောကြပါတယ်။

အဲဒီအခါ စစ်ကောင်စီဘက်မှာ အကျပ်ရိုက်စရာအခြေအနေလည်းရှိနေပါသေးတယ်။ အကြောင်းအရင်းက အနည်း ဆုံးအခကြေးငွေခံစားခွင့်ဟာပုဂ္ဂလိက လုပ်သားတွေအတွက်တင်မဟုတ်ဘဲဌာနဆိုင်ရာနေ့စားဝန်ထမ်းတွေ လည်း အကျုံးဝင်နေတာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် အနည်းကြေးအခကြေးငွေနှုန်းထားအသစ်ကို ကြေညာလိုက်မယ်ဆိုတာနဲ့ စစ်ကောင်စီက ဌာနဆိုင်ရာ နေ့စားဝန်ထမ်းတွေကိုပါလုပ်ခတိုးပေးရတော့မှာပါ။

အဲဒီအခါမှာ မူလကတည်းက ဘတ်ဂျတ်လိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီအတွက်ဘဏ္ဍာငွေ ပိုမိုကုန်ကျလာ ရုံသာမကဘဲ နေ့စားဝန်ထမ်းနဲ့အမြဲတမ်းဝန်ထမ်းလစာအားပြိုင်မှုတွေကိုပါဖြေရှင်းလာရဖို့ရှိနေပါတယ်။

အဲဒါကြောင့် အနည်းဆုံးအခကြေးငွေနူန်းအသစ်ကိုကြေညာမလား၊မကြေညာဘဲ စက်ရုံတွေက ဒီအတိုင်းကိုယ့် သ ဘောနဲ့ကိုယ်သတ်မှတ်တိုးမြှင့်းပေးမှုအဖြစ် ဆက်သွားမလား၊ဒါမှမဟုတ် အဲ့ဒီနှုန်းထားအသစ်ကိုကြေညာလိုက်ပြီး နေ့စားဝန်ထမ်းတွေတော့ အကျုံးမဝင်ဘူးလို့ ဥပဒေပြန်ပြင်မလားဆိုတာတွေကိုတော့ အလုပ်သမား အသိုင်း အ ဝိုင်းက စောင့်ကြည့်အကဲခတ်နေကြပါတယ်။

လက်ရှိမှာတော့ စက်ရုံလုပ်သားတွေဟာ တိုးလာတဲ့လုပ်ခနှုန်းထားကြောင့် အပြည့်အဝပျော်မနေနိုင်တာ တွေ့ရပါ တယ်။

သူတို့အနေနဲ့အထက်မှာဆိုခဲ့သလို့ ရသင့်ရထိုက်တဲ့လုပ်ခလစာ နှုန်းထားတခု တွက်ချက်တောင်းဆိုနေကြချိန်မှာ နားလှည့်ပါးရိုက်လုပ်ပြီး တိုးပေးတယ်လို့ အမည်ခံရုံ လုပ်ခနှုန်းထားပြောင်းလဲမှုနဲ့ အမှတ်မထင် ရင်ဆိုင်နေ ကြရ တာပါ။

အခုလိုစက်ရုံတွေဘက်က သူ့သဘောနဲ့သူ တိုးပေးလာတဲ့နှုန်းကို လက်မခံဘဲ မူလမျှော်လင့်ထားတဲ့ ပမာဏ အ တိုင်းပေးလာအောင်တင်းခံတောင်းဆိုဖို့ဆိုတာကလည်း မစွမ်းသာတဲ့ အခြေအနေဖြစ်နေကြတယ်လို့ အလုပ် သ မားတွေကပြောကြပါတယ်။

“အခုအချိန်မှာ တောင်းတာရမှ လက်ခံမယ် သွားလုပ်ပြန်ရင်လည်း အလုပ်ပြုတ်ဖို့က သေချာနေတာ”လို့ ရွှေ ပြည်သာမြို့နယ်ထဲက အထည်ချုပ်စက်ရုံတရုံမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးလုပ်သားတဦးက ညည်းတွားလိုက် ပါတယ်။