ဇွန် ၊ ၁၇
ဘီလားရုစ် နိုင်ငံမှာ ရုရှားရဲ့ ဗျူဟာမြောက် နျူကလီးယား လက်နက်တွေ စတင် ဖြန့်ကျက်ထားပြီး ဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အတည်ပြုခဲ့ပါတယ်။
အိမ်နီးချင်း မဟာမိတ် နိုင်ငံရဲ့ အနောက်ဖက်စွန်း နယ်စပ်တလျှောက်မှာ ရုရှား နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားမယ့် အစီအစဉ်ကို အခုနှစ် အစောပိုင်းမှာ ပူတင်က ကြေညာခဲ့ပါတယ်။ ဘီလားရုစ်ဟာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းအပြင် NATO စစ်မဟာမိတ် အဖွဲ့ဝင် အနောက်ဥရောပ နိုင်ငံတချို့နဲ့ ထိစပ်နေပါတယ်။
ပူတင်ဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ရုရှားရဲ့ နျူကလီးယား လက်နက်တွေကို ပြည်ပမှာ ပထမဆုံးအကြိမ် အခြေစိုက်စေဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ အခုတော့ ဗျူဟာမြောက် နျူကလီးယား စစ်လက်နက်တွေ ဘီလားရုစ်မှာ ပထမအသုတ် ဖြန့်ကျက်မှုတွေ ပြီးဆုံးသွားပြီလို့ ပူတင်က အတည်ပြုပါတယ်။
ရုရှားစစ်တပ်က နျူကလီးယားလက်နက် အမျိုးအစားတွေအကြောင်း တိတိကျကျ မကြေညာပေမယ့် တာတိုပစ် ဒုံးကျည်တွေလို့ ယူဆရပါတယ်။ မကြာသေးခင်မှာ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ရုရှား သတင်းဌာန တခုနဲ့ အင်တာဗျူးမှာ လက်ရှိ ဖြန့်ကျက်ထားတဲ့ နျူကလီးယား လက်နက်တွေရဲ့ ပေါက်ကွဲအားက ဟီရိုရှီးမားဗုံးထက် ၃ ဆ ပိုပြင်းတယ်လို့ မှတ်ချက် ပေးထားခဲ့ပါတယ်။
ရုရှားဟာ နျူကလီးယား လက်နက်တွေကို ဘီလားရုစ် ပိုင်နက်ထဲထိ ပို့ဆောင် ဖြန့်ကျက်ထားလိုက်ပေမယ့် လက်တွေ့ ထုတ်သုံးမယ့် အရိပ်အယောင်တော့ မတွေ့ရဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။
ပူတင်က ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မှု စတင်နေပြီလို့ အတည်ပြုခဲ့တဲ့နောက် ဘလင်ကန်က ရုရှားဟာ အဲဒီလက်နက်တွေကို အမှန်တကယ် အသုံးပြုမယ့် အရိပ်အယောင်တော့ ဘာမှ မတွေ့ရပါဘူးလို့ ဘလင်ကန်က မှတ်ချက် ပေးသွားခဲ့ပါတယ်။
ပူတင်က ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အနောက် မဟာမိတ် နိုင်ငံတွေက ရုရှားကို စီးပွားရေး ဝိုင်းပိတ်ဆို့တာ၊ အထီးကျန်အောင် အဆက်ဖြတ်တောက်တာတွေက ရည်မှန်းချက် မအောင်မြင်ခဲ့ဘဲ ရုရှားဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ခြေလှမ်းသစ်တွေ ချဲ့ထွင်လာနိုင်ခဲ့ကြောင်းလည်း ကြွေးကြော်သွားခဲ့ပါတယ်။