မယ်စဲ့မြို့မှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား ရပ်ဆိုင်းသွားပြီလား

ဇွန်၊ ၁၆
 
ထိုင်း-မြန်မာ နယ်စပ်၊ ကရင်နီပြည်နယ် ထဲက မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ပြီး စစ်ကောင်စီရဲ့ အရပ်ဖက်ဝန်ထမ်းတွေလည်း ထွက်ပြေးကုန်ကြတယ်လို့ ကရင်နီပြည်နယ် စစ်ဘက်ရေးရာတွေနဲ့ ဒေသခံတွေဆီ စုံစမ်းသိရပါတယ်။
 
” ကျွန်တော်တို့ လူတွေက အခုက မြို့ထဲထိအောင် ရောက်ကုန်ပြီလေ။ BP 13 ကုန်းကနေ လှမ်းပစ်နေတာပါ။ မြို့ကတော့ ပျက်ပြီပြောလို့ရတယ်။ မြို့က ရွာကြီးသာသာပဲ ရှိတယ်။ မြို့က အစိုးရ အဆောက်အအဦးတွေ ရှိတယ်။ ယန္တယား လည်ပတ်တယ်။ အခုက သိရသလောက်ဆိုရင် ထွေအုပ်ပါ ထွက်ပြေးတယ် ပြောတယ်။ ဘယ်နှစ်ဦး ဘယ်နှစ်ယောက်တော့ မသိရသေဘူး ” လို့ ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောပါတယ်။
 
မယ်စဲ့မြို့မှာ ဒီလ ၁၃ ရက်ကနေ ၁၅ ရက်အထိ နှစ်ဖက်တပ်တွေ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပေမယ့် လက်ရှိဒီကနေ့မှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းကသာ ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
 
လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အစိုးရဌာနအဆောက်အဦတွေ၊ ဝန်ထမ်း အိမ်ယာတွေပါမကျန် မြို့ပေါ်က အဆောက်အအုံအားလုံးကို ပစ်ခတ်နေတဲ့အတွက် အထွေထွေအုပ်ချုပ်ရေး၊ ကျန်းမားရေး၊ ပညာရေး စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အားလုံးလည်း ထွက်ပြေးကုန်ကြပြီလို့ သိရပါတယ်။
 
ဇွန်လ ၁၃ ရက်က ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ ကရင်နီပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ တပ်စခန်း သုံးခုနဲ့ မယ်စဲ့ ရဲစခန်း တို့ကို တပြိုက်နက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အကျအဆုံးများပြားခဲ့သလို ၁၂၀ မမ လက်နက်ကြီး နှစ်လက်နဲ့ ချေးမှုန်းရေးရိုင်ဖယ် သုံးဆယ်ကျော်ကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းရမိခဲ့သေးတယ်လို့ အဲဒီတုန်းက ထုတ်ပြန်ထားပါတယ်။
 
မယ်စဲ့မြို့က စစ်ကောင်စီစခန်း အားလုံးကို ကရင်နီပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်ခဲ့ပြီး BP – 13 စခန်းကုန်း တခုသာ ကျန်ရှိတော့တဲ့အတွက် စစ်ကောင်စီက အဲဒီစခန်းကုန်းကနေ လက်နက်ကြီးတွေနဲ့ မယ်စဲ့မြို့ထဲနဲ့ အနီးဝန်ကျင်ကို ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအဖွဲ့တွေကိုသာမက မယ်စဲ့မြို့ပေါ်က အရပ်ဖက် ပစ်မှတ်တွေကိုပါ လေကြောင်းက နေ့စဉ်နီးပါး လာရောက်တိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
ဇွန်လ ၁၄ ရက်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တဲ့ မယ်စဲ့မြို့စစ်စခန်းက စစ်သားတွေဟာ ပထမအသုတ် ခုနှစ်ဦးနဲ့ ဒုတိယအသုတ် ၁၄ ဦး ခွဲကာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြပြီး BP – 13 စစ်စခန်းမှာလည်း စစ်ကောင်စီအင်အား အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
 
မယ်စဲ့မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေ ဒေသခံပြည်သူတွေနဲ့ တခြားမြို့နယ်တွေက စစ်ရှောင်ပြည်သူတွေ သုံးထောင်ခန့်ဟာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်ဘက် မြို့တွေနဲ့ ကျေးရွာတွေ ဘက်က အဆောက်အအုံတွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
 
” ထိုင်းမှာက ကျနော်တို့ လူထု သုံးထောင်ကျော်လောက် ပြေးနေရတယ်။ အစားအစာ၊ အဓိက ရေ၊ တပတ် ဆယ်ရက် ကြာရင် ပြန်လွှတ်မှာ၊ စခန်းဖွင့်ပြီးတော့ နေခွင့်ပေးမှာ‌တော့ မဟုတ်ဘူး။ အဆောက်အဦးတွေ အောက်မှာ ခွဲထားတယ်။ ထမင်းထုပ်ပေး၊ ရေသန့်ပေး၊ ကျန်းမာရေးအရ ဆေးကုသပေး၊ ယာယီစင်တာအောက်မှာပဲပေါ့ ” လို့ ခူညေးရယ်က ဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ တိုက်ခိုုက်နိုင်စွမ်း မရှိတော့တဲ့အပြင် လက်ရှိမိုးရာသီဖြစ်တာကြောင့် လေကြောင်းတိုက်ခိုက်မှု ကောင်းစွာပြုလုပ်လို့ မရတဲ့အတွက် လက်နက်ကြီးတွေနဲ့ အဆမတန်ပစ်နေတယ်လို့လည်း သိရပါတယ်။
 
” အခုက အကုန်လုံးကို သိမ်းပိုက်နိုင်ပြီလေ။ သူတို့ လူတွေလည်း မရှိတော့ဘူး။ ဒါပေမယ့် အပြင်က တပ်တွေ ဝင်လာရင် ဝင်လာမှာပေါ့။ စစ်ကူတွေ ထပ်လာရင် လာမှာပေါ့ ” လို့ ခူညေးရယ်က ဆက်ပြောပါတယ်။
 
ဓာတ်ပုံ – Social Media