နယ်မြေအသစ် စိုးမိုးနိုင်ဖို့အတွက်ဆိုပြီး ခရီးသွားတွေ လိုက်နာရမယ့်အချက်တွေ ရေးမြို့ PDF ထုတ်ပြန်

ဇွန်၊ ၁၆
 
KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေအသစ် စိုးမိုးနိုင်ရေး ထိုးဖောက်ဝင်ရောက်ဖို့ ရှိတယ်ဆိုပြီး အဝေးပြေးလမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာမယ့် ခရီးသွားတွေအတွက် သတိပေးချက်တွေကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
 
ခရီးသည်တွေအနေနဲ့ ခရီးသွားတဲ့အခါ ကိုယ့်ကားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တင်ဆောင်တာ၊ သူတို့နဲ့ ပတ်သက်တဲ့ စစ်ပစ္စည်းတွေကို သယ်ယူပေးတာ မလုပ်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေက တားဆီးစစ်ဆေးတဲ့အခါ ကြည်ဖြူစွာ လက်ခံပေးဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဥ်တွေမှာ အတူလိုက်မစီးကြဖို့ ပြောပါတယ်။
 
အရေးပေါ်လူနာတင်ယာဥ်တွေအနေနဲ့ကတော့ ညပိုင်း လူနာပို့ဆောင်တဲ့အခါ ကားပြတင်းမှန်ချပြီး ၁ နာရီ ၈၀ ကီလိုမီတာထက် ပိုမမောင်းဖို့နဲ့ လူနာပို့ပြီး ဆေးရုံကနေ ညတွင်းချင်း မပြန်ကြဖို့ အသိပေးထားပါတယ်။
 
ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ မော်လမြိုင်ကနေ မြိတ်အထိ အမှတ် ၈ အမြန်လမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာမယ့် ခရီးသွားတွေအနေနဲ့ ဇွန်လ ၁၅ ရက်နေ့ကစပြီး အဲဒီထုတ်ပြန်ချက်ကို လိုက်နာရမယ်လို့လည်း ဆိုပါတယ်။
 
” ခရီးသည်တွေ မလိုက်နာရင် ကျွန်တော်တို့အတွက် သိပ်အဆင်မပြေဘူး၊ အခုက စကစ လက်အောက်ခံ တပ်သားတွေက အရပ်သားအသွင်ယူပြီး ဒီလမ်းကို သုံးနေကြတာ၊ ဒါကြောင့် ဒါကိုတော့ ပြည်သူတွေ ပါဝင်ပူးပေါင်းမှ ဖြစ်မှာ ” လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုရန်နိုင်က DNA ကို ပြောပါတယ်။
 
တဖက်မှာလည်း အမှတ် ၈ လမ်းမကြီးတလျှောက် ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေကတော့ အခုလို ထုတ်ပြန်ချက်ကို အပြည့်အဝ လိုက်နာနိုင်ဖို့ အခက်အခဲရှိတယ်လို့လည်း ဆိုပါတယ်။
 
” စစ်သားတွေကတော့ ကားပေါ် တခါမှ လိုက်မစီးဖူးဘူး၊ သူတို့ ပစ္စည်းတွေ တင်တာမျိုးတော့ ရှိတယ်၊ အဲကျ ကျမတို့ မတင်ပေးဖို့ ငြင်းပြန်ရင်လည်း ကျမတို့အတွက် ပြဿနာ ရှိလာနိုင်တယ်။ သူတို့ (ပြည်သူ့ကာကွယ်ရေးတပ်) စစ်ဆေးတဲ့အခါ စစ်ဆေးခံဖို့ကတော့ အဆင်ပြေတယ်၊ ပစ္စည်းတွေ မတင်ပေးဖို့ ငြင်းတာကတော့ ကျမတို့အတွက်လည်း အန္တရာယ်ရှိလို့ လိုက်နာဖို့ ခက်တယ် ” လို့ အမှတ် ၈ လမ်းမကြီးတလျှောက် ရန်ကုန်-ကော့သောင်း ပြေးဆွဲနေတဲ့ ယာဥ်လိုင်း တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
တာဝန်ခံ ကိုရန်နိုင်ကတော့ အဲလိုအခြေအနေအတွက် ခြွင်းချက်ထားထားတယ်လို့ ဆိုပါတယ်။
 
” ဒါကိုကျတော့ ကျနော်တို့ ခြွင်းချက်တခုတော့ ပေးရမှာပဲ၊ သူတို့မှာ စိုးရိမ်မှုတွေ ရှိတာကလည်း ဟုတ်ပါတယ်။ တကယ်လို့များ သိမ်းမိရင်တော့ (စစ်တပ်အသုံးအဆောင်) နည်းနည်းတော့ အလုပ်များမယ် ထင်တာပဲ၊ စစ်တာဆေးတာ လုပ်ရမှာပေါ့၊ တကယ်လို့ သူတို့က ရိုးရိုးအရပ်သားတွေပဲ၊ မတင်ရင် မဖြစ်လို့ တင်ရတဲ့ အခြေအနေမျိုး ဆိုရင်တော့ ခြွင်းချက်ထားရမှာပေါ့ ” လို့ သူက ပြောပါတယ်။
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ ကလည်း ခရီးသွားတွေ လိုက်နာရမယ့် အလားတူထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
 
အလားတူပဲ တနင်္သာရီတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ တို့ကလည်း ပြည်ထောင်စုလမ်းမကြီးတလျှောက် ညဘက် ခရီးမသွားကြဖို့ အခု ဇွန်လအတွင်း ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – ဖေဖော်ဝါရီ ၁၃ ရက်နေ့က အမှတ် ၈ လမ်းမကြီးတလျှောက် တွေ့ရတဲ့ ရေးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။