ဇွန်၊ ၁၆
ကနေဒါ နိုင်ငံမှာ ထရပ်ကားနဲ့ ဘတ်စ်ကားတို့ တိုက်မိရာက လူတဒါဇင်ကျော် သေဆုံးသွားကြောင်း သိရပါတယ်။
မန်နီတိုဘာ ပြည်နယ် အဝေးပြေးလမ်း တနေရာမှာ အရမ်း ဆိုးရွားကြမ်းတမ်းတဲ့ ယာဉ်တိုက်မှု ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဇွန် ၁၅ ရက်က နောက်တွဲ တပ်ဆင်ထားတဲ့ ထရပ်ကားတစီးဟာ သက်ကြီးရွယ်အိုတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းထိ အခြေအနေအရ ဝင်နီပက် မြို့နားက ဖြစ်စဉ်မှာ သေဆုံးသူ ၁၅ ဦးထိ ရှိလာပြီး ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရသူတွေ ပါဝင်နေကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။
ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့နောက် အဲဒီနေရာ တဝိုက်မှာ ကယ်ဆယ်ရေး အဖွဲ့တွေ အကြီးအကျယ် အလုပ်များနေခဲ့သလို လူနာတင် ရဟတ်ယာဉ်တွေပါ အတက်အဆင်း လုပ်နေတာကို တွေ့ရပါတယ်။
လောလောဆယ် ဆေးရုံရောက်နေသူတွေထဲမှာ ယာဉ်မောင်း ၂ ဦးအပါအဝင် စုစုပေါင်း ၁၀ ဦးလောက်ထိ ရှိတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုနဲ့ ဆက်စပ်တဲ့ တခြား အပျက်အစီးတွေ ရှိမရှိဆိုတာ တိတိကျကျ မသိရသေးပေမယ့် မျက်မြင်တဦးကတော့ လျှိုထဲမှာ ကျနေတဲ့ ကားတစီး မီးလောင်နေတာကို တွေ့ခဲ့ကြောင်း ပြောပါတယ်။
ကနေဒါမှာ အခုလိုမျိုး လူအများအပြား သေဆုံးတဲ့ အဝေးပြေးလမ်း မတော်တဆမှုတွေက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။ မန်နီတိုဘာ အုပ်ချုပ်ရေး အဖွဲ့ကတော့ အခုဖြစ်ရပ်မှာ ကယ်ဆယ်ရေး အင်အားကို မကြုံစဖူး အများဆုံး ထုတ်သုံးခဲ့ရတယ်လို့ ပြောကြားထားပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲလို့ သိရပါတယ်။
Ref: BBC