ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ပန်းသပိတ် ပြုလုပ်မယ်

ဇွန်၊ ၁၆
 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှာ ပန်းသပိတ် လှုပ်ရှားမှု ပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူတွေလည်း သင့်လျော်တဲ့ နည်းလမ်းတွေနဲ့ ပါဝင်နိုင်တယ်လို့ တော်လှန်ရေးအင်အားစု တွေက ပြောပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်ကောင်စီက ဖမ်းဆီးထားသူ အားလုံးကို သတိတရရှိနေကြောင်း၊ ဂုဏ်ပြုလေးစားကြောင်း ပြသတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို ပြုလုပ်မှာဖြစ်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ GSCB က ဆိုပါတယ်။
 
“ အကြမ်းဖက်စစ်ကောင်စီဟာ ရာပေါင်းများစွာသော အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးထားပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားအဖမ်းဆီးခံများ လွတ်မြောက်ရေးအတွက် စည်းရုံးလှုံဆော်မှု ပြုလုပ်ပါမယ်၊ “ပန်းသပိတ်” ကို ငြိမ်းချမ်းစွာ ဆင်နွဲပါမယ် ” လို့ NLD ပါတီဝင် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး က ပြောပါတယ်။
 
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရာပေါင်းများစွာသော အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးထားတာဟာ တရားမဲ့ပြုကျင့်တာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
 
အာဏာစသိမ်းချိန်ကတည်းက စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့ဖြစ်တဲ့ နှစ်စဥ် ဇွန်လ ၁၉ ရက်တိုင်းမှာ လူထု ပူးပေါင်းပါဝင်နိုင်တဲ့ လှုပ်ရှားမှုတွေကို တော်လှန်ရေးအင်အားစုတွေက ဦးဆောင်ပုံဖော်နေခဲ့တာပါ။
 
ဒီနှစ် ပန်းသပိတ်လှုပ်ရှားမှု မှာတော့ အွန်လိုင်းကရော ပြင်ပမှာပါ ပန်းနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ပါဝင်နိုင်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ GSCB က အသိပေးထားပါတယ်။
 
ပြည်သူတွေအနေနဲ့ ဘုရားပန်းအိုး အသစ်တင်တာ၊ အိမ်တွင်း အိမ်ပြင်နဲ့ အိမ်ရှေ့တိုင်းမှာ ပန်းထိုးတာ၊ ပန်းအလှ ချိတ်ဆွဲပြင်ဆင်တာ၊ အမျိုးသမီးတွေအနေနဲ့ ပန်း ပန်တာ၊ အမျိုးသားတွေအနေနဲ့ ရင်ဘတ်မှာ ပန်းထိုးတာ တွေအပြင် စိတ်ကူးရှိသလို ပုံဖော်ပြီး အွန်လိုင်းမှာရော ပြင်ပမှာပါ ပူးပေါင်းပါဝင်နိုင်တယ်လို့ GSCB က ပြောပါတယ်။
 
စစ်ကောင်စီကတော့ နှစ်စဉ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေကို ခြိမ်းခြောက်တားဆီးဖို့၊ ပုံဖျက်ဖို့ ကြိုးစားလေ့ရှိပြီး ဒီလှုပ်ရှားမှုတွေမှာ ပါဝင်တာကြောင့် ဖမ်းဆီးခံရသူတချို့လည်း ရှိခဲ့ဖူးပါတယ်။
 
လာမယ့်ဇွန်လ ၁၉ ရက်မှာတော့ ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်တွေ၊ လူသိများထင်ရှားသူတွေကလည်း ” ခွန်အားဖြည့် မိငယ်၊ သွေးမုန်တိုင်း၊ သွေးသစ္စာ ” စတဲ့ သီချင်းတွေနဲ့ အွန်လိုင်းကနေ ဖျော်ဖြေကြဖို့ရှိတယ်လို့ သိရပါတယ်။
 
လက်ရှိမှာလည်း ဒေသတချို့မှာ ပြုလုပ်နေတဲ့ စစ်အာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အကြိုအဖြစ် ဆောင်ပုဒ်တွေနဲ့ ချီတက်ဆန္ဒပြကြတာ၊ မြို့ပြတွေမှာ ပြောက်ကျားလှုပ်ရှားမှုနဲ့ ကြိုတင်လှုံ့ဆော်တာမျိုးတွေ ရှိနေပါတယ်။
 
ဓာတ်ပုံ – GSCB