ပျက်ကျခဲ့တဲ့ မြောက်ကိုရီးယား ဒုံးပျံ အစိတ်အပိုင်းကို တောင်ကိုရီးယား ဆယ်ယူ

ဇွန်၊ ၁၆

မြောက်ကိုရီးယားရဲ့ လွှတ်တင်မှု မအောင်မြင်ခဲ့တဲ့ ဒုံးပျံ အစိတ်အပိုင်းကို တောင်ကိုရီးယားက ပင်လယ်ထဲကနေ ဆယ်ယူ ရရှိခဲ့ပါတယ်။

တောင်ကိုရီးယား ပူးပေါင်း စစ်ဆင်ရေး ဌာနချုပ်က အဲဒီ ဒုံးပျံ အစိတ်အပိုင်းကို ဇွန် ၁၅ ရက် ညနေပိုင်းက ဆယ်ယူနိုင်ခဲ့တာဖြစ်ပြီး စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကြေညာပါတယ်။

ပြီးခဲ့တဲ့လက မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ပထမဆုံး ထောက်လှမ်းရေး ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲ ပို့ဆောင်ဖို့အတွက် ဂြိုဟ်တု လွှတ်တင်ခဲ့ပေမယ့် ချွတ်ချော်မှုတွေ ကြုံခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဂြိုဟ်တုကို တင်ဆောင်သွားတဲ့ ဒုံးပျံကလည်း ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါတယ်။

တောင်ကိုရီးယားက မေ ၃၁ ရက်မှာ နစ်မြုပ်သွားတဲ့ ဒုံးပျံ အစိတ်အပိုင်းကို အနောက်ဖက် အီချွန်ဒို ကျွန်းနားက ရေအနက် ၇၅ မီတာလောက်မှာ ဆယ်ယူ ရရှိခဲ့ကြောင်း ပြောပါတယ်။ တောင်ကိုရီးယား စစ်တပ်က ၁၅ မီတာလောက် ရှည်တဲ့ ထုလုံးပုံ သတ္တု အစိတ်အပိုင်း တခုကို ပင်လယ်ထဲက ဆယ်ယူဖို့ ကြိုးစားနေတဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ Chollima-1လို့ နာမည်ပေးထားတဲ့ စီမံကိန်းအရ ထောက်လှမ်းရေး ဂြိုဟ်တုကို လွှတ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။ ဒါပေမဲ့ ဂြိုဟ်တု လွှတ်တင်ရေး ရည်မှန်းချက်ကို လက်လျှော့မှာ မဟုတ်ဘဲ ဒုတိယအကြိမ် အားထုတ်ဖို့ အမြန်ဆုံး အကောင်အထည် ဖော်နေကြောင်း မြောက်ကိုရီးယားက ကြေညာထားပါတယ်။

ဂြိုဟ်တု လွှတ်တင်ခြင်းဟာ နိုင်ငံတိုင်းမှာ ရှိသင့်တဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုဆိုင်ရာ အခြေခံ အခွင့်အရေး တခုလို့ မြောက်ကိုရီးယားက ပြောကြားထားပေမယ့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ ဒါဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် နည်းပညာ တီထွင်မှုတွေရဲ့ အစိတ်အပိုင်း တရပ်လို့ စွပ်စွဲ ဝေဖန်ထားပါတယ်။

 

Ref: Reuters