ရိက္ခာထွက်ဝယ်တဲ့ တပ်ကြပ်ကြီးတဦး ပစ်ခတ်ခံရပြီးသေဆုံး

ဇွန်၊ ၁၅
 
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အမှတ် ၂ ဆက်သွယ်ရေးတပ် အတွက် ရိက္ခာထွက်ဝယ်တဲ့ တပ်ကြပ်ကြီး ထက်ကိုလင်း ကို ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ Magway Guerrella Warfare တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဇွန်လ ၁၄ ရက်၊ မနေ့က မနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ အမှတ် ၂ ဆက်သွယ်ရေးတပ် အတွင်းရှိ တပ်သားတွေအတွက် ရိက္ခာထွက်ဝယ်တဲ့ တပ်ကြပ်ကြီး ထက်ကိုလင်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက သေနတ်နဲ့ပစ်ခတ်ခဲ့ရာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
“ သူဈေးသွားဝယ်တဲ့ လမ်းမှာ ရှေ့ကြိုပစ်တယောက် ထားတယ်။ ကြိုပစ်ကနေ ကျော်လာတာကို အပိုင်ပစ်တယောက်က ငါးချက်ပစ်လိုက်တာ ဒီ ရင်ဘက်ကိုက နှစ်ချက်၊ နောက်ကျောက နှစ်ချက်၊ နောက်စိက တချက် စုစုပေါင်း ငါးချက်ပစ်လိုက်တာ “ လို့ အဲ့ဒီတာဝန်ရှိသူက ပြောပါတယ်။
 
သေဆုံးသူ တပ်ကြပ်ကြီး ထက်ကိုလင်း ဟာ မနက်တိုင်း ရိက္ခာထွက်ဝယ်လေ့ရှိပြီး တပ်တွင်းမှာ အရေးပါအရာရောက်ရုံသာမက စားဖိုချောင်မှာလည်း အဓိကကျတယ်လို့ သိရပါတယ်။
 
အဲ့ဒီလို ပစ်ခတ်ရှင်းလင်းရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်သားဖြစ်တဲ့အတွက် ဖြစ်ပြီး စစ်ကောင်စီ စစ်သား၊ ရဲ နဲ့ ထောက်ခံသူတွေ ကို တွေ့ရာနေရာမှာ ပစ်ခတ်ရှင်းလင်းသွားမယ်လို့ Guerrilla Warefare တာဝန်ရှိသူက ပြောပါတယ်။
 
ပစ်ခတ်မှုကို ဒေါင်းစစ်သည် ပြောက်ကျား (နတ်မောက်) နဲ့ Mgway Guerrilla Warefare တို့မှ ပူးပေါင်းဆောက်ရွက်ခဲ့တယ်လို့ သိရပါတယ်။
 
စစ်အာဏာရှင်စနစ်ဆိုး ကျရှုံးတဲ့အထိ တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ စစ်ကောက်စီလက်အောက်ခံ စစ်သား၊ ရဲ တွေရှိတဲ့ နေရာတွေနဲ့ ဝေးဝေးနေပေးကြဖို့လည်း သူကပြောကြားထားပါတယ်။
 
တော်လှန်ရေးအဖွဲ့တွေက အဲဒီလို ပစ်ခတ်ရှင်းလင်း ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို စစ်ဆေးမေးမြန်းနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
 
လွန်ခဲ့တဲ့ ဇွန်လ ၂ ရက်မှာလည်း ဈေးဝယ်ဖို့ ထွက်လာတဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) ၂၁ မှ တပ်ကြပ်ကြီး အောင်သူတင့် (ခေါ်) တိုက်ကြက်ကို ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရပါတယ်။
 
ဓာတ်ပုံ – Magway Gurrella Warfare