ဇွန်၊ ၁၅
စစ်ကောင်စီရဲ့ လေ့ကျင့်ရေးရဟတ်ယာဉ် တစီးဟာ ဇွန်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းက လေ့ကျင့်ပျံသန်း နေတုန်း စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ မြေပြင်ကို ပြုတ်ကျခဲ့တဲ့အတွက် ရဟတ်ယာဉ်မှူးအပါအဝင် နှစ်ဦးသေဆုံးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
” ရဟတ်ယာဉ် ပျက်ကျတဲ့နေရာက မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ နဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်တာကြီး အုပ်စု၊ ချောင်းမငယ်ကျေးရွာ အနောက်ဘက်၊ တောင်ယာတွေအနီးမှာ ပျက်ကျတာ၊ နေပြည်တော်ဘက် ပိုနီးတယ်။ ပျက်မကျခင် တောင်ပံက တကျွီကျွီနဲ့ အသံကြီး ကြားရတယ်၊ စက်ချို့ယွင်းမှု ဖြစ်မယ် ” လို့ နေပြည်တော်သတင်းတွေ ဖော်ပြနေတဲ့ မြို့တော်ဖေ့ဘုတ်စာမျက်နှာက ဒေသခံတဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
နေပြည်တော်ကနေ မိတ္ထီလာကို လေ့ကျင့်ပျံသန်းတဲ့ အဲဒီရဟတ်ယာဉ်ဟာ နေပြည်တော် လယ်ဝေးမြို့နယ်၊ လယ်တာကြီး ကျေးရွာရဲ့ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာမှာ ရုတ်တရက်စက်ချို့ယွင်းကာ ပျက်ကျခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပျက်ကျတဲ့ လေ့ကျင့်ရေးရဟတ်ယာဉ်ဟာ ဘယ်လိုအမျိုးအစား ဆိုတာကိုတော့ စစ်ကောင်စီရဲ့ကြေညာချက်မှာ ဖော်ပြမထားပါဘူး။
” စစ်ကား သုံးစီး၊ double cap နှစ်စီး ရောက်လာပြီး ကယ်ဆယ်ရေး လုပ်နေကြတယ်။ အခင်းဖြစ်တဲ့ နေရာအထိတော့ ကားက မောင်းလို့မရဘူးဗျ။ အနောက်ရိုးမ အပေါ်ဖြစ်လို့ ကားတွေကို ချောင်းမငယ်ရွာ ထဲမှာပဲ ထားခဲ့ကြတယ်။ ထိခိုက်သေဆုံးမှုတော့ မသိဘူး။ ပျက်ကျပြီးမကြာဘူး အခြားစစ်ရဟတ်ယာဉ်တွေ သွားလိုက်ပြန်လိုက် လုပ်နေကြတယ် ” လို့လည်း မြို့တော်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုပျက်ကျခဲ့တဲ့အတွက် လေ့ကျင့်ရေးရဟတ်ယာဉ်ပေါ်က ရဟတ်ယာဉ်မှူးတဦးနဲ့ သင်တန်းသားတဦး စုစုပေါင်းနှစ်ဦး သေဆုံးခဲ့ပြီး ရဟတ်ယာဉ်လည်း ပျက်စီးခဲ့တယ်လို့ ဆက်လက်ဖော်ပြထားပါသေးတယ်။
သေဆုံးခဲ့တဲ့သူတွေရဲ့ ရုပ်အလောင်းကို နီးစပ်ရာ တပ်မတော်ဆေးရုံ ကို ဆက်လက်ပို့ဆောင်မှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်ကလည်း နေပြည်တော်က ထွက်ခွာတဲ့ လေတပ် တိုက်လေယာဉ်တစီးဟာ လယ်ဝေးမြို့နယ်၊ သဲကော နဲ့ ကြံ့ခင်းကျေးရွာ အနီး ပျက်ကျလို့ အရာရှိ၊ စစ်သည် ငါးဦး သေဆုံးတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ