ရုရှားတိုက်လေယာဉ်တွေရဲ့ ရန်စမှုကြောင့် အရှေ့အလယ်ပိုင်းမှာ F-22တွေ ဖြန့်ကျက်ဖို့ အမေရိကန်ဆုံးဖြတ်

ဇွန် ၊ ၁၅

ရုရှား တိုက်လေယာဉ်တွေရဲ့ ရန်စ ပျံသန်းမှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် လေတပ်ဟာ F-22 ကိုယ်ပျောက် တိုက်လေယာဉ်တွေကို အရှေ့အလယ်ပိုင်း ဒေသမှာ စတင် ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

 ရုရှား တိုက်လေယာဉ်တွေက နိုင်ငံတကာ လေပိုင်နက်ထဲမှာ အမေရိကန် လေယာဉ်တွေကို အန္တရာယ်များတဲ့၊ ပရော်ဖက်ရှင်နယ် မပီသတဲ့ ပုံစံမျိုး နှောင့်ယှက် ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် သင့်တော်တဲ့ အခင်းအကျင်းမျိုးနဲ့ တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း လေတပ် ဗိုလ်ချုပ်ကြီး မိုက်ကယ် အဲရစ် ကူရီလာက ပြောကြားခဲ့ပါတယ်။

 ရုရှား တိုက်လေယာဉ်တွေရဲ့ လုပ်ရပ်ဟာ ပရော်ဖက်ရှင်နယ်ကျင့်ဝတ် ပြည့်ဝတဲ့ လေတပ်တခုရဲ့ ဖွဲ့စည်းပုံနဲ့ မတူဘူးလို့လည်း သူက ဆိုပါတယ်။ ဒေသတွင်းက လက်တွဲဖော်တွေ၊ မဟာမိတ်တွေနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့တဲ့နောက် အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ လေတပ် ကာကွယ်ရေး စွမ်းရည်ကို တဆင့်ထပ်မြှင့်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

 အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ထဲက လန်ဂလေ လေတပ်စခန်း အခြေစိုက် အမှတ် ၉၄ တိုက်လေယာဉ် အစုအဖွဲ့ထဲက F-22တွေဟာ လောလောဆယ် ဥရောပကို ရောက်နေရာက အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ ဖြန့်ကျက်သွားမှာ ဖြစ်ပါတယ်။

 F-22တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ နည်းပညာ အမြင့်ဆုံး လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်တွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ခံထားရပါတယ်။ အမေရိကန် လေတပ်ဟာ F-22တွေကို အနီးစပ်ဆုံး မဟာမိတ် နိုင်ငံတွေဆီကိုတောင် ရောင်းချခွင့် မပေးခဲ့ပါဘူး။ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေဟာ ရန်သူ့ရေဒါတွေနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံး ကိုယ်ပျောက်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

 ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှား စစ်လေယာဉ်တွေဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန် လေတပ်ကို နှောင့်ယှက် ပျံသန်းမှုတွေ ပိုမို လုပ်ဆောင်လာပါတယ်။ ဧပြီလတုန်းကဆိုရင် ဆီးရီးယားမှာ ရုရှား တိုက်လေယာဉ်မှူးတွေက အမေရိကန် တိုက်လေယာဉ်တွေနဲ့ ဝေဟင်စီးချင်းထိုးဖို့ထိ ရန်စခဲ့ဖူးပါတယ်။

 ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆိုးဆုံး အခြေအနေထိ ရောက်ရှိနေပါတယ်။ ရုရှား တိုက်လေယာဉ်တွေဟာ ပင်လယ်နက် ရေပြင်မှာလည်း အမေရိကန် လေတပ်နဲ့ ရေတပ် လေယာဉ်တွေကို အနှောင့်အယှက် ပေးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။