မောင့်အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဖွင့် ကမ်းလှမ်းမှုကို ချဲလ်ဆီးပယ်ချ

ဇွန် ၊ ၁၅

မေဆန်မောင့်အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဆုံး ချဉ်းကပ် ကမ်းလှမ်းမှုကို ချဲလ်ဆီးအသင်းက ချက်ချင်း ပယ်ချခဲ့ကြောင်း သိရပါတယ်။

 အသက် ၂၄ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် မောင့်ဟာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ် အကြိုက် ကစားသမား တဦးလို့ အသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် စာချုပ်သစ် ထပ်မချုပ်နိုင်ရင် လန်ဒန်ကလပ်က မောင့်ကို လာမယ့် ဘောလုံးရာသီမှာ အလွတ် ပြောင်းရွှေ့ခွင့် ပြုရမှာ ဖြစ်ပါတယ်။

 ယူနိုက်တက်က မောင့်ကို ပထမဆုံးအကြိမ် ကမ်းလှမ်းမှုမှာ စတာလင်ပေါင် သန်း ၄၀ ထိ စျေးပေးခဲ့ပေမယ့် ချဲလ်ဆီးက ချက်ချင်းပယ်ချခဲ့ပါတယ်။ ချဲလ်ဆီးက မောင့်အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၇၀ ထိ မြှင့်တင် သတ်မှတ်ထားပေမယ့် စာချုပ်သက်တမ်း တနှစ်သာ ကျန်တော့တဲ့ ကစားသမား တယောက်အတွက် ချဲလ်ဆီးရဲ့ ခေါ်စျေးဟာ လက်တွေ့မကျဘူးလို့ ယူနိုက်တက်က ယူဆနေပါတယ်။

 ယူနိုက်တက် အနေနဲ့ မောင့်အတွက် နောက်တကြိမ် ချဉ်းကပ် ကမ်းလှမ်းဖို့ ရှိနေပေမယ့်လည်း အသင်းလူစာရင်းမှာ နောက်ထပ် ဖြည့်တင်းရမယ့် နေရာတွေ ရှိနေသေးတာကြောင့် တခြား ဖြစ်နိုင်ခြေ ပစ်မှတ်တွေကိုပါ ချိတ်ဆက်မယ့်သဘော ရှိနေပါတယ်။

 တန်ဟက်ဂ်အတွက် အခုနွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ တိုက်စစ်မှူးသစ်တဦး ခေါ်ယူရေးက ဦးစားပေး ရည်မှန်းချက် ဖြစ်နေပေမယ့် မောင့်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ တိုးတက်နေခြင်းကြောင့်လည်း အခုလို ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။

 မောင့်ဟာ ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း ချဲလ်ဆီးရဲ့ ပွဲထွက်လူစာရင်းမှာ အတော်လေး နေရာသေချာတဲ့ အဆင့်ထိ တိုးတက်လာခဲ့ပြီး ချန်ပီယံလိဂ် ဆုဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီမှာတော့ ချဲလ်ဆီးရဲ့ မတည်ငြိမ်မှုတွေနဲ့အတူ မောင့်လည်း ပရီးမီးယားလိဂ်မှာ ပွဲ ၂၀ သာ ကစားခွင့် ရခဲ့ပါတယ်။ ရာသီနှောင်းပိုင်း ကာလတွေမှာ မောင့်ဟာ ဒဏ်ရာ ပြဿနာကြောင့် အနားယူခဲ့ရပါတယ်။

 သူဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် စတင် ပွဲဦးထွက်ခွင့် ရခဲ့ပါတယ်။ အခုဆိုရင် မောင့်ဟာ အင်္ဂလန် အသင်းမှာ ၃၆ ပွဲကစားပြီး ၅ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။