NUG ဝန်ကြီးတဦးရဲ့ နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

ဇွန်၊ ၁၄

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ(ခေါ် ) နိုင်ထွန်းဖေရဲ့ နေအိမ်ကို စစ်ကောင်စီက မနေ့က ချိပ်ပိတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဟုတ်တယ်၊ မနေ့က ညနေပိုင်းမှာပဲ ဆရာ့အိမ်ကို လာချိပ်ပိတ်သွားတာ၊ လာတဲ့သူတွေကတော့ဆယ်ယောက် ကျော်တယ်၊စစ်သားတွေ၊ ရဲတွေရောပဲနော်၊ ဒီအတိုင်းပဲ တံခါးဖျက်ပြီး အိမ်ပေါ်တက်ပြီး ဗီနိုင်းကပ်သွားတာ” လို့ အဲဒီရပ်ကွက်မှာ နေထိုင် သူတဦးက DNA ကို ပြောပါတယ်။

ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ အမှတ်(၇)ရပ်ကွက်၊ ၂ လမ်းမှာရှိတဲ့ နိုင်သုဝဏ္ဏရဲ့ နေအိမ်ကို စစ်ကောင်စီပူး ပေါင်းအဖွဲ့တွေက ဇွန်လ ၁၃ ရက် မနေ့က ညနေပိုင်းမှာ လာရောက်ချိပ်ပိတ်လိုက်တာလို့သိရပါတယ်။

 “ဆရာရဲ့အိမ်မှာက ဘယ်သူမှ မနေကြတာ ကြာပြီဟာ၊ဒီလိုမျိုးအရင်ကလည်း လာပိတ်တာမျိုးရှိတယ်၊စာရွက် သေးသေး လေးနဲ့ ဒီအတိုင်းပေါ့၊ ဖြစ်သလိုလေး၊ လာချိတ်ပိတ်တာ၊ နှစ်ခါလောက်ရှိပြီးလား မသိဘူး” လို့ အဲဒီ ဒေသခံက က ပြောပါ တယ်။

ဝါရင့် နိုင်ငံရေးသမားတဦးဖြစ်တဲ့ နိုင်သုဝဏ္ဏ(ခေါ်)နိုင်ထွန်းဖေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မွန်အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်(MNDF)ပါတီကိုယ်စားပြုပြီး ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မြေမှာယှဉ်ပြိုင်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း မွန်အမျိုးသားပါတီ (MNP)ကိုယ်စားပြုပြီး ဘားအံမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ်(၁)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တကြိမ်မှ အနိုင်မရခဲ့ပါဘူး။

 ၂၀၂၀အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ မွန်ပါတီတွေပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီ (MUP)အဖြစ် တည် ထောင်ခဲ့ပြီးနောက် နိုင်သုဝဏ္ဏ ဟာ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ မွန်ညီညွတ်ရေးပါတီ(MUP)က စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေလုပ်ခဲ့တာကြောင့် နိုင်သုဝဏ္ဏဟာ မွန်ညီညွတ်ရေးပါတီကနေ နုတ်ထွက်ခဲ့ပါတယ်။

အဲ့ဒီနောက် အမျိုးသားညီညွှတ်ရေးအစိုးရ NUG က နိုင်သုဝဏ္ဏ(ခေါ်) နိုင်ထွန်းဖေကို အလုပ်သမားဝန်ကြီးဌာန ဝန် ကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

NLD ပါတီလူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ရဲ့စာရင်းတွေအရ စစ်တပ် အာဏာသိမ်း ချိန်ကနေ အခုနှစ်မေလကုန်အထိ နိုင်ငံတဝှမ်းမှာ အရပ်သားပြည်သူ နေအိမ်အပါအဝင် ပိုင်ဆိုင်မှု ချိပ်ပိတ်၊ သိမ်း ဆည်းခံရသူ (၆၂၅)ဦး ရှိပြီး အဲဒီထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ဦးနဲ့ NLD ပါတီဝင် ၃၃၃ ဦးရဲ့ ပိုင်ဆိုင်မှုတွေ လည်း ပါဝင်တယ်လို့ဆိုပါတယ်။