ကန့်ဘလူမှာစစ်ကြောင်းထိုးလို့ ဒေသခံနှစ်သောင်းနီးပါးထွက်ပြေးနေရ

ဇွန်၊ ၁၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့နေတာကြောင့် ဒေသခံနှစ်သောင်းနီးပါးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အကူအညီပေး နေသူတွေထံမှ သိရပါတယ်။

“ ဒီနေ့ မနက် ၁၁ နာရီခွဲလောက်၊ သူတို့စစ်ကြောင်းက ရှမ်းကုန်းရွာထဲဝင်လာပြီးတော့ အိမ်တွေကို မီးရှို့နေတာပါ၊ မီးခိုးလုံးတွေက တော်တော်များတယ်၊ အိမ်ဘယ်နှစ်လုံးပါသွားသလဲတော့ မသိရသေးဘူး၊ သူတို့(စစ်သား)တွေက အဲရွာမှာ ခုထိ ရှိနေတုန်းပဲ၊ သွားမကြည့်ရဲဘူးလေအကို၊ ဒီညနေမှာတော့ မီးခိုးလုံးလျော့သွားပြီပေါ့နော်၊ အခုရွာကပဲ လူဦးရေ သုံးရာလောက်က ပြေးနေရပြီ”လို့ လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းကျေးရွာတွေဖြစ်ကြတဲ့ ကြာတကန်၊ ထန်းပင်ကုန်း၊ ပင်းတည်း၊ ဟင်းဖြူတော၊ ရှမ်းကုန်း၊ အင်းမ၊ ဖလားရ၊ ချောင်းကြား၊ ပင့်သာ၊ ပိတောက်ပင်၊ အုတ်ခင်းနဲ့ နဂါးပေါ်ရွာ စတဲ့ကျေးရွာတွေကဒေသခံ နှစ်သောင်းနီးပါးက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အကူအညီပေးနေသူတဦးက ဆိုပါတယ်။

အင်အားသုံးရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်းသုံးကြောင်းခွဲကာ ဒီကနေ့ နံနက်အစောပိုင်းမှာ ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်းကကျေးရွာတွေဘက်နဲ့ ကျွန်းလှမြို့နယ်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက် သွားတာဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်း ရှမ်းကုန်းရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ အင်အား ၁၂၀ ဝန်းကျင်ရှိပြီး ကျွန်းလှမြို့နယ်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့က အင်အား ရှစ်ဆယ်ဝန်းကျင်ရှိတယ် လို့ ဆိုပါတယ်။

“ သူတို့က စစ်ကြောင်းသုံးကြောင်းက အခုရှမ်းကုန်ရယ်၊ ကျွန်းလှဘက်ကိုလည်း ဝင်သွားတယ်၊ အဲမှာတော့ သူတို့ ရွာတရွာမှာ တပ်စွဲထားတယ်လို့ ပြောတယ်၊ အဲဒီအခြေအနေကို သေချာမသိရဘူးပေါ့နော်၊ နောက်တဖွဲ့ကတော့ ပျောက်နေတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေထိုင်ဖို့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ အဲဒီဒေသမှာ စစ်ရှောင်ပြည်သူတွေကို အကူအညီပေးနေသူတဦးက ဆိုပါတယ်။

“ ဒီရက်ပိုင်းတွေမှာလည်း ဒီဘက်မှာ မိုးအတော်များခဲ့တယ်၊ လိုအပ်တာပေါ့၊ နေထိုင်ဖို့အမိုးအကာတွေလေ၊ စားဖို့သောက်ဖို့ကလည်း ခုတော့ ရှိတာ၊ ပါသွားတာတွေနဲ့ စားရတာပေါ့၊ ဘယ်အဆင်ပြေမလဲ၊ နောက်ဆေးဝါးတွေလည်း တကယ်ကို လိုအပ်နေတာ။” လို့ ပြောပါတယ်။

ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမဝင်လာခင်မှာတော့ ကန့်ဘလူးမြို့နယ်မြောက်ဘက်ခြမ်း နေရာတချို့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့တာမျိုး ရှိခဲ့ ပေမယ့် ကြီးမားတဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ၊ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ ဖျက်ဆီးမှုတွေကြောင့် နိုင်ငံတဝှမ်းမှာ အရပ်သားနေအိမ်ပေါင်း (၆၀,၄၅၉)လုံး ပျက်စီးခဲ့ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း (၅၃၀၀၀)ကျော်နဲ့ အများဆုံးမီးရှို့ဖျက်ဆီးခဲ့ထားရတယ်လို့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ မေလအထိ မြန်မာတစ်နိုင်ငံလုံးမှာပြည်တွင်းနေရပ်စွန့်ခွါထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၈သန်းကျော်ရှိပြီး အဲဒီအထဲကမှာ ၁ ဒဿမ ၅ သန်းလောက်ဟာ အာဏသိမ်းပြီးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး ( UNOCHA ) က ထုတ်ပြန်ထားပါတယ်။

ပုံစာ-စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ ထွက်ပြေးရတဲ့စစ်ရှောင်တွေကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။