သရက်ချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးမှုကြောင့် တပတ်အတွင်း စစ်ရှောင်သောင်းနဲ့ချီ တိုးလာ

ဇွန်၊ ၁၄
 
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကစပြီး အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် အခု ရက်သတ္တပါတ် အတွင်းမှာပဲ ကျေးရွာပေါင်း ရှစ်ရွာက သောင်းနဲ့ချီတဲ့ အရပ်သားတွေဟာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ရငဲ၊ ကမြိုင်၊ ဝဲရစ်၊ ကျွဲမင်းကုန်း နဲ့ ကနက်သီရီကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ရှစ်ရွာက တသောင်းနီးပါးရှိတဲ့ အရပ်သားတွေဟာ မိုးထဲရေထဲမှာပဲ ကားလမ်းမတွေဘေးမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့ စစ်ရှောင်ကူညီသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
 
“ တိုက်ပွဲကတော့ ထိပ်တိုက် တိုက်ပွဲလေးတွေကတော့ အခုထိဖြစ်တယ်၊ မနေ့ကတော့ နှစ်ကြိမ်လောက်ဖြစ်တယ်၊ တနေ့က အင်အား လေးဆယ်လောက်ချန်ပြီး ပြန်သွားပေမယ့် အခုတိုက်ပွဲဆက်ဖြစ်နေတော့ စစ်ကူ ငါးစီး ပြန်ဆင်းလာတယ်ဆိုတော့ တရာဝန်းကျင်ပြန်ဖြစ်သွားတယ်၊ စစ်ရေးကတင်းမာနေတော့ စစ်ရှောင်တွေကတော့ မိုးတအားသည်းနေတဲ့ ကြားထဲကပဲရှောင်နေရတယ်၊ မြိတ်-ထားဝယ် ကားလမ်းမကြီးဘေးမှာပဲ ရှောင်နေရတယ်၊ စစ်ရေးကတော့ ပိုပြင်းလာဖို့ပဲရှိတယ်လို့ ” သရက်ချောင်း ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
အခုလက်ရှိအချိန်ထိတော့ စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်စဉ်က ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သားအချို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး စစ်ကြောင်းထိုးဝင်ရောက်စဉ် ရငဲ ရွာမှ ၂၃ နှစ်အရွယ် လူငယ်တဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
 
ဒါ့အပြင် ကျွဲမင်းခုံ ကျေးရွာမှ သက်ကြီးပိုင်းအရွယ် အမျိုးသမီးတဦး လက်နက်ကြီး ထိမှန်ပြီးတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ သက်ကြီးပိုင်း အမျိုးသားတဦးလည်း ရိုက်နှက်နှိပ်စက် ခံခဲ့ရတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်နဲ့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထားဝယ်ခရိုင် တပ်ရင်း ၂ အပါအဝင် မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေဆက်ရှိနေတာကြောင့် ဒေသခံတွေ အနေနဲ့ ကျေးရွာတွေကို ပြန်လည်ဝင်ရောက်ဖို့ အခက်တွေ့နေရတဲ့ အခြေနေတွေရှိနေပါတယ်။
 
“ ဖြစ်တာကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဖြစ်တာ၊ မိုးကလဲ သူတို့ စဝင်တဲ့နေ့ထဲကပဲ အဆက်မပြတ်ရွာနေတာ၊ ပြေးလာလွှားလာရတော့ ဘာမှလည်း သယ်မလာနိုင်ဘူး၊ ဆန်တွေဘာတွေဆိုလည်း ချက်စားလို့မရဘူး၊ ဖုန်းတွေကလည်း အားသွင်းဖို့ကအစ အဆင်မပြေဘူး၊ ဆိုလာပဲ သုံးနေရတယ်၊ ရွာထဲကလည်း ပြန်ဝင်လို့မရသေးတော့ ဒီမိုးနဲ့က ဘယ်လိုမှ အဆင်မပြေတဲ့ အခြေအနေဖြစ်နေတယ် ” လို့ သရက်ချောင်းမြို့နယ် စစ်ရှောင်တွေအတွက် အကူအညီပေးနေသူတဦးက ထပ်ပြောပါတယ်။
 
အဲ့ဒီလို စစ်ရေးတင်းမာနေတဲ့အချိန်မှာပဲ မော်လမြိုင်-ထားဝယ်-မြိတ် ကားလမ်းမကြီးပေါ် သွားလာနေတဲ့ ယာဉ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့ရဲ့ပစ္စည်းတွေ မတင်ဖို့ KNU တပ်မဟာ ၆ ရဲ့ တပ်ရင်း ၂၇ ဌာနချုပ်ဖက်က ဇွန်လ၊ ၁၁ ရက်မှာ အမိန့်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
 
စစ်ကောင်စီဖက်ကလည်း မြေပြင်ကနေ ဆက်လက် စစ်ကြောင်းထိုးနေတဲ့အပြင် ထားဝယ်မြစ်ထဲမှာရှိတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
 
လက်ရှိ အချိန်ထိတော့ သရက်ချောင်းမြို့နယ်အတွင်း သောင်းနဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေဟာ မော်လမြိုင်-ထားဝယ်-မြိတ် ကားလမ်းမကြီးဘေးတွေမှာ ဖြစ်သလို တဲထိုးနေထိုင်နေကြရပြီး အရေးပေါ် မိုးကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CJ Kyaw