ဆားလင်းကြီးမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ တဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ဇွန်၊ ၁၄
 
ပြီးခဲ့တဲ့ရက်ပိုင်းက ရဲစခန်း တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ကို စစ်ကောင်စီတပ်တွေက ခြောက်ရက်ဆက် စစ်ကြောင်းထိုး မီးရှို့နေသလို လက်နက်ကြီးတွေနဲ့လည်း ရမ်းသန်းပစ်ခတ်နေတာကြောင့် ဒေသခံတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ အဲဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုစစ်ငြိမ်းက DNA ကိုပြောပါတယ်။
 
“ ဒီနေ့က မနက်လက်နက်ကြီးထိတာ၊ အရပ်သားသုံးဦး ထိတယ်၊ တဦးက ခေါင်းကိုမှန်တာ ပွဲချင်းပြီး သေတယ်၊ တဦးက လက်မောင်းကို မှန်တယ်၊ တဦးက ပေါင်ကိုမှန်တယ်။ အသေးစိတ်အခြေနေတွေက စစ်ကြောင်းဝင်နေသေးတော့ ကပ်လို့မရသေးဘူး ” လို့ သူကပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညောင်ပင်ကြီး ကျေးရွာအုပ်စုထဲက လမ်းဆုံ လမ်းခွတွေမှာ အမျိုးသား၊ အမျိုးသမီးမရွေး အရပ်သားတွေကို ခြိမ်းခြောက်ဖမ်းခေါ်ကာ တိုက်ခိုက်ခံခဲ့ရတဲ့ ရဲစခန်း ပြန်လည်တည်ဆောက်ရာမှာ ခိုင်းစေနေတယ်လို့လည်း သိရပြီး လူဦးရေဘယ်လောက်အထိ အဲဒီလိုခိုင်းစေခံနေရတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
 
မုံရွာမြို့အခြေစိုက် နမခ စစ်ဌာနချုပ်နဲ့ ချင်းတွင်းမြစ်သာခြားတဲ့ ညောင်ပင်ကြီးရွာ ရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၉ ရက် ညနေပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ရဲစခန်းတခုလုံးနီးပါး စီးနင်းတိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိသလို လက်နက်ခဲယမ်းနဲ့ ငွေသား ကျပ်သိန်းတရာကျော်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထုတ်ပြန်ထားပါတယ်။
 
အဲဒီတိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့သလို တိုက်ပွဲအပြီးမှာလည်း မုံရွာဘက်ကနေ စစ်အင်အားဖြည့်တင်းကာ ဒေသတွင်းကို စစ်ကြောင်းထိုးတာ၊ ရဲစခန်းရှိရာ ညောင်ပင်ကြီးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာပါ။
 
“ လောလောဆယ် အနေအထားအရက ဘာမှ တိတိကျကျပြောလို့မရသေးဘူး၊ ဒီကနေ့အထိ ဆက်တိုက်ရှို့ခံနေရတာ၊ အိမ်ခြေကတော့ ကုန်သလောက်ရှိနေပြီ၊ ဘူဒိုဇာနဲ့ ထိုးခံရတာတွေကော မီးရှို့ခံနေရတာတွေကောကြောင့် မြို့ပျက်ကြီးလို ဖြစ်နေပြီ ” လို့ ယင်းမာပင်ခရိုင်အတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ သပိတ်အင်အားစုဝင် မချောစုဟန်က ညောင်ပင်ကြီးရွာရဲ့လက်ရှိအခြေအနေကို ပြောပြပါတယ်။
 
စစ်ကောင်စီတပ်တွေ နေ့စဉ်ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ညောင်ပင်ကြီး ကျေးရွာအုပ်စုထဲက ဒေသခံ ၆၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုစစ်ငြိမ်းကလည်း ပြောပါတယ်။
 
လက်ရှိအခြေအနေတွေအရ တိမ်းရှောင်နေရမယ့် အချိန်ကာလ ပိုရှည်ကြာနိုင်တာကြောင့် စစ်ရှောင်တွေအတွက် အစားအသောက်နဲ့ သောက်သုံးရေ အကူညီတွေ ပိုမိုလိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
 
“ စစ်ကောင်စီက အခုလို ပြည်သူတွေနေအိမ်တွေကို မီးရှို့တာက သူတို့ (စစ်ကောင်စီ) စခန်းကို ကာကွယ်ရေးတပ်တွေက သိမ်းလိုက်လို့ ဒီလိုမျိုး မီးရှို့တယ်ပေါ့၊ ကာကွယ်ရေးတပ်တွေနဲ့ ပြည်သူတွေကို အထင်အမြင် လွဲမှားစေချင်တာ ” လို့ ကိုစစ်ငြိမ်းက ဆိုပါတယ်။
 
ဓာတ်ပုံ – Aung Khant Zaw
ပုံစာ – ညောင်ပင်ကြီး ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တချို့။