ဆားတောင်မှာ အရပ်သားသုံးဆယ်နီးပါး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရ

ဇွန်၊ ၁၄
 
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ကို ဇွန်လ ၁၃ ရက် မနက်ပိုင်းက ဝင်ရောက်လာတဲ့ အင်အားကိုးဆယ်ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ အရပ်သားသုံးဆယ်နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ မနေ့က မနက်ထဲက စစ်ကြောင်းက ဝက်လက် ထဲက ဝင်ချလာတာ၊ ပြေးချိန်မရလိုက်ဘူး၊ တောတဲ တွေကော တောတိုက်တွေကော အကုန်မွှေနှောက်ပြီး ရှာတော့ စစ်ကြောင်းဝင်တာ သတင်းရပြီး ပုန်းနေတဲ့ ပြည်သူတွေ အကုန်ပါကုန်တာ၊ အဲ့ဒါတွေ အကုန်လုံး ဖမ်းခေါ်သွားတာ၊ ခေါ်သွားပြီးတော့ တနာရီလောက်မှာပဲ မီးဝင်ရှို့တာ၊ အခု လွတ်တဲ့သူတွေကလည်း အကုန်ပြေးနေရတော့ ဘယ်သူနဲ့မှ အဆက်သွယ်မရသေးဘူး၊ ဖုန်းလည်း မဆက်ရဲဘူးဖြစ်နေတယ်၊ ဒီနေ့လည်း မနက်အစောပဲ နောက်တရွာ မီးရှို့နေပြန်ပြီ၊ မနေ့ကရှို့တဲ့ သာဇင်ရွာ က ရွာကြီးဆိုတော့ ဆုံးရှုံးမှုက အတော်များပါလိမ့်မယ် ” လို့ စစ်ကိုင်းမြို့နယ်အတွင်း စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။
 
ဆားတောင်မြို့အနီးက သာဇင်ကျေးရွာကို အဲ့ဒီနေ့ မနက်ပိုင်းကပဲ စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးခဲ့လို့ ရွာထဲကနေ ထွက်ပြေးလာတဲ့ အရပ်သား လေးဆယ်နီးပါးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီ စစ်ကြောင်းဟာ ဖမ်းဆီးခံထားရတဲ့ ဒေသခံလေးဆယ်ထဲက အမျိုးသမီး ဆယ်ဦးကျော်ကို ပြန်လွှတ်ခဲ့ပြီး ကျန်အမျိုးသား သုံးဆယ်နီးပါးကိုတော့ ရွာအနောက်ဖက် ဘောဂကျောင်းတိုက်မှာ ဒီကနေ့အထိ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
 
“ ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ အခြေနေကိုတော့ မသိရသေးပါဘူး၊ လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေကိုတော့ ဓားစာခံ အဖြစ်ရော လူသားဒိုင်းအဖြစ်ရော သုံးမယ်ထင်ပါတယ်၊ သာဇင်ရွာကတော့ တဝက်လောက် မီးရှို့လို့ ကုန်ပါပြီ၊ ပျက်ဆီးဆုံးရှုံးမှုကိုတော့ ဆက်လက်စုံစမ်းဆဲပါ၊ ပြည်သူတွေကတော့ တောထဲတောင်ထဲတွေမှာ တိမ်းရှောင်နေရပါတယ် ” လို့ ဆားတောင်မြို့ခံတဦးက DNA ကိုပြောပါတယ်။
 
လက်ရှိဖမ်းဆီးခံထားရသူတွေဟာ အမျိုးသားများဖြစ်ကြပြီးတော့ စစ်ကောင်စီတပ်တွေဟာ သူတို့စစ်ကြောင်းထိုးရာ တောက်လျှောက် လူသားဒိုင်းအဖြစ် ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားဖွယ် ရှိတဲ့အတွက် အသက်အန္တရာယ်အတွက်လဲ များစွာစိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင်သာဇင်ရွာ အနောက်ဖက် အိုင်းဓမ္မရွာ ကို စစ်သားအင်အား လေးဆယ်လောက်နဲ့ ဇွန်လ ၁၄ ရက် ဒီကနေ့မနက်ပိုင်းမှာပဲ စစ်ကြောင်းထိုး ဆက်လက်မီးတင်ရှို့နေတယ်လို့ သိရပါတယ်။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဝက်လက်မြို့နယ်ကနေ စစ်ကိုင်းမြို့နယ်ထဲက ပဒူရွာမှတဆင့် ရေတွင်းခေါင်း၊ မုံညွန့်၊ အောင်မြေ၊ ကြခပ်၊ စမွန်း၊ ရုံးပင်၊ ဘောက်သောက်၊ လင်းယဉ် နဲ့ရွာသစ် အစရှိတဲ့ရွာတွေကို စစ်ကြောင်းထိုးခဲ့ပါတယ်။
 
အဲဒီနောက် ညောင်ငုတ်တို ကနေ ဆားတောင်မြို့ပေါ်ကို မနေ့ကညထဲက ရောက်ရှိလာတာဖြစ်ပြီး အခုလို ဆားတောင်မြို့အနီးက ရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဆားတောင်မြို့အနီး သာဇင်ရွာနဲ့ အိုင်းဓမ္မရွာ ကျေးရွာနှစ်ရွာက ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CJ (ပုံဟောင်း)
ပုံစာ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီနှစ်ဆန်းပိုင်းက ရာနဲ့ချီတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့စဥ်။