ဇွန်၊ ၁၄
ယူကရိန်းစစ်ပွဲ ရှည်ကြာလာတာနဲ့အမျှ ရုရှားဟာ စစ်လက်နက် မလုံလောက်မှု ပြဿနာတွေ ကြုံတွေ့လာနေကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံခဲ့ပါတယ်။
မော်စကိုမှာ စစ်ပွဲနဲ့ ပတ်သက်လို့ သတင်းယူတဲ့ မီဒီယာသမားတွေနဲ့ တွေ့ဆုံမှုမှာ ပူတင်က အခုလို မှတ်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ရုရှားရဲ့ အထူး စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ဖျက်လိုဖျက်ဆီး အနှောင့်အယှက်ပေးတဲ့ ကိစ္စတော်တော်များများ ရှိနေတယ်လို့လည်း ပူတင်က အစိုးရ မီဒီယာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါသေးတယ်။ အထူးစစ်ဆင်ရေး ဆိုတာက ယူကရိန်း ကျူးကျော်စစ်ကို ရုရှားမှာ တရားဝင် သုံးနှုန်းတဲ့ ဝေါဟာရ ဖြစ်ပါတယ်။
ရုရှားမှာ ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တဲ့ ခဲယမ်းမီးကျောက်တွေ၊ ဆက်သွယ်ရေး ကိရိယာတွေ၊ လက်နက်တွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ တခြား စစ်သုံး ပစ္စည်းတွေ အများအပြား ပိုင်ဆိုင်ကြောင်း၊ ဒါပေမဲ့ ရုရှား ပိုင်ဆိုင်ထားတဲ့ ပမာဏက လုံလောက်မှု မရှိကြောင်း ပူတင်က ဆိုပါတယ်။
ဒီအခြေအနေကြောင့် ရုရှားဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကထက် စစ်လက်နက် ထုတ်လုပ်မှုကို ၂ ဆမြှင့်တင်ပြီး အထူးတလည် လိုအပ်ချက် ကြီးမားနေတဲ့ အပိုင်းတွေမှာဆိုရင် ၁၀ ဆလောက် မြှင့်တင်နေတယ်လို့လည်း ပူတင်က ဆက်ပြောပါတယ်။
လက်နက်ခဲယမ်း မလုံလောက်မှုကို ပူတင်က ရှားရှားပါးပါး ဝန်ခံသွားပေမယ့်လည်း စစ်ပွဲမှာ ရုရှားတပ်တွေဟာ ရန်သူ ယူကရိန်းတွေကို အကြီးအကျယ် အထိနာအောင် ချိုးနှိမ် တိုက်ခိုက်နေနိုင်ဆဲလို့ ပူတင်က ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က စတင်လာတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်မှာ ရန်သူတင့်ကား အစီး ၁၆၀ နဲ့ တခြား သံချပ်ကာယာဉ် ၃၆၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ရုရှားဖက်က တင့်ကား ၅၄ စီး ဆုံးရှုံးခဲ့တယ်လို့လည်း ပူတင်က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
ယူကရိန်းကို ကျူးကျော်စစ် စတင်ချိန် ကတည်းက အနောက်နိုင်ငံတွေက လက်နက်ခဲယမ်း ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်ပို့မှုကို ဝိုင်းဝန်း ပိတ်ပင်ထားတာကြောင့်လည်း ရုရှားအတွက် လက်နက်အသစ်တွေ ထုတ်လုပ်ရာမှာ အကန့်အသတ်၊ အခက်အခဲတွေ ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။
Ref: Sky