ဇွန်၊ ၁၄
မိခင်နိုင်ငံ အာဂျင်တီးနားကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးခဲ့ပေမယ့် နောက်လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာတော့ ပါဝင် ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း လီယွန်နယ် မက်ဆီက အတည်ပြုသွားခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ်တုန်းက ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အာဂျင်တီးနားရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ချန်ပီယံ ဆုဖလားကြီး သိမ်းပိုက်နိုင်အောင် ဦးဆောင်မှု ပေးခဲ့ပါတယ်။ အခုအခါမှာတော့ မက်ဆီဟာ အသက်အရွယ် ရလာပြီ ဖြစ်တဲ့အတွက် ဥရောပမှာ ပရော်ဖက်ရှင်နယ်အဖြစ် ဘောလုံးကစားနေတာကို စွန့်ခွာပြီး အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မီယာမီ အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါပြီ။
သူဟာ ၂၀၂၆ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲထိ လက်ရွေးစင် ကစားသမားဘဝ သက်တမ်းကို ဆွဲဆန့်ထားနိုင်မှာ မဟုတ်လောက်ဘူးလို့ မက်ဆီက ဆိုပါတယ်။ အဲဒီ ပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမှာပါ။
ဘောလုံးရာသီအပြီး တရုတ်ကို ရောက်ရှိခဲ့ချိန် မီဒီယာတွေက မက်ဆီအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့ ရှိမရှိ မေးမြန်းတဲ့အခါ ကစားသမားက ဖြစ်နိုင်ခြေ မရှိကြောင်း၊ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဟာ သူနောက်ဆုံး ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲကြီး ဖြစ်နိုင်ကြောင်း၊ တိတိကျကျ မပြောတတ်သေးပေမယ့် အခြေခံ အားဖြင့်တော့ လာမယ့် ကမ္ဘာ့ဖလားမှာ သူကစားဖြစ်တော့မှာ မဟုတ်နိုင်ကြောင်း ဖြေကြားသွားပါတယ်။
မက်ဆီဟာ ဘာစီလိုနာ၊ ပီအက်စ်ဂျီ အသင်းတွေမှာ ကစားခဲ့တဲ့နောက် အခုဘောလုံးရာသီမှာ အမေရိကန် မေဂျာလိဂ်ဆီ ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ မျိုးဆက်တခုအတွင်း အအောင်မြင်ဆုံး ဘောလုံးသမားအဖြစ် ရပ်တည်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ၇ ကြိမ်တိုင် ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။
အာဂျင်တီးနား လက်ရွေးစင် အသင်း မန်နေဂျာ လီယွန်နယ် စကာလိုနီကတော့ မက်ဆီသာ ဆန္ဒရှိမယ်ဆိုရင် နောက်ထပ် ၃ နှစ် အကြာမှာ ချန်ပီယံဆု ကာကွယ်မယ့် အသင်းအတွက် ရွေးချယ်ဖို့ လမ်းဖွင့်ထားဦးမယ်လို့ ပြောပါတယ်။ ပြီးတော့ သူ့ရဲ့ အသင်းခေါင်းဆောင်ကို နိုင်ငံအတွက် နောက်ထပ် နှစ်နည်းနည်းလောက် ဆက်လက် ကိုယ်စားပြုစေချင်သေးကြောင်း စကာလိုနီက ဖွင့်ဟသွားပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအတွက် ၁၇၄ ပွဲ ကစားပြီး သွင်းဂိုး ၁၀၂ ဂိုးထိ ရရှိထားပြီး ဖြစ်ပါတယ်။
Ref: Goal