စစ်ကောင်စီကားကို မိုင်းဆွဲပြီးပြန်ဆုတ်ရာမှာ လက်နက်ကြီးကြောင့်ကျန်မိုင်းများကွဲပြီး PDF ခုနှစ်ဦးဒဏ်ရာရ

ဇွန်၊ ၁၃

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာစစ်ကောင်စီရဲ့ Light Truck ကားကို မိုင်းဆွဲပြီး ပြန်ဆုတ်ခွာရာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ထောင်ထားတဲ့မိုင်းတွေကွဲပြီး ရဲဘော် ခုနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုခရိုင် ၊အမှတ်၂၂ တပ်ရင်းတာဝန်ရှိသူတဦးကပြောပါတယ်။

ဇွန်လ ၁၃ ရက်၊နေ့လည် ၂ နာရီဝန်းကျင်မှာမန်းကျီးတုံရွာမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ခင်ဦးမြို့ အနောက်ဖက်ကနေ သံလမ်းကူးပြီးကံသစ်ကျေးရွာဘက်သို့ ဦးတည်လာတယ်လို့သိရပါတယ်။

ဒါကြောင့်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကကင်းပုန်းဝပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့်စစ်ကောင်စီလက်နက်ကြီးနဲ့ပစ်လို့ထောင်ထားတဲ့မိုင်းတွေကွဲပြီး ဒဏ်ရာရရှိခဲ့တာပါ။

“ ပထမ Light Truck နဲ့ သူတို့ ခင်ဦးအနောက်ခြမ်းကနေ ထွက်လာတဲ့အခါကျတော့ ကျွန်တော်တို့က ကင်းပုန်း ခုနှစ်ယောက်ထားတာကိုး ။သူတို့လာတဲ့အခါကျတော့ ကျွန်တော်တို့က ကိုယ်ထောင်တဲ့ ဟာကို မိုင်းဆွဲပြီးပြေးတာပေါ့ ။ပြေးတဲ့ချိန်မှာသူတို့က လက်နက်ကြီးနဲ့လှမ်းထောက်တယ် ။ထောက်တဲ့အခါကျတော့ ကျွန်တော်တို့ ကျန်တဲ့မိုင်းတွေအကုန်လန့်ကွဲကွဲပြီး လက်နက်ကြီးနဲ့ ထိမှန်တာရောကြောင့် ရဲဘော်ခုနှစ်ယောက်လုံးထိမှန်တယ် ။သုံး‌ေယာက်ကတော့စိုးရိမ်နေရတယ်  ။ခွေး Light Truck ကားပေါ်က ခွေးတွေလည်း အပြင်းအထန်ဒဏ်ရာ ရသွားတယ် “လို့ အဲဒီတာဝန်ရှိသူကပြောပါတယ်။

ဒဏ်ရာရ ရဲဘော် ခုနှစ်ဦးအနက် တဦးမှာ  အမျိုးသမီးရဲဘော်တဦးဖြစ်ပြီးအဖွဲ့အစည်းရဲ့ သတင်းထောက်ရဲဘော် တဦးဖြစ်ကာ  ဒဏ်ရာရ ရဲဘော်တွေကို သွားဆွဲရင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဝဲဖက် တင်ပဆုံ ထိမှန်ခဲ့တယ်လို့သိရပါတယ်။

“မျက်စိထိတဲ့သူကို မျက်စိဆေးခန်းနေရာကိုကုခိုင်းတာဗျ ။လက်ရှိငွေရေးကြေးရေး အခက်အခဲဖြစ်နေတယ်ဗျ ။တယောက်ကလည်းပေါင်ဖြတ်ရဖို့က များတယ် ။နောက်တယောက်ကလည်း မိုင်းစ ၁၄ ချက်လောက်ထိမှန်ထားတယ် ။ကောင်းတဲ့နေရာကို ပို့ပြီးဆေးကုပေးချင်တယ် ။ငွေရေးကြေး‌ေရး အခက်အခဲဖြစ်နေတယ်လို့ “ သူကပြောပါတယ်။

ကျေးရွာ ဆေးခန်းမှာ လတ်တလော ဆေးကုသပေးနေပေမယ့်  စိုးရိမ်ရ  တဲ့ရဲဘော် သုံးယောက်ကို လက်ရှိဆေးခန်းမှာ မကုသနိုင်တာကြောင့်  မြို့ပေါ်ဆေးခန်းပေါ်တတ်ပြီး ကုချင်နေပေမယ့် ငွေရေးကြေး‌ေရး အခက်အခဲတွေ ရှိတာကြောင့် ပြည်တွင်းပြည်ပ  ပြည်သူများအနေနှင့် ပါဝင်ကူညီပေးဖို့မျှော်လင့် နေတယ်လို့ ရွှေဘိုခရိုင် အမှတ် ၂၂ တပ်ရင်းမှ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာခင်ဦးမြို့ပေါ် အနောက်ဖက်ခြမ်းကို လက်နက်ကြီးနဲ့ရမ်းသမ်း ပစ်ခတ်နေတယ်လို့လည်းပြောကြပါတယ်။

Photo-ရွှေဘိုခရိုင်တပ်ရင်း၂၂