ဇွန်၊ ၁၃
မန္တလေးမြို့ရှိ ရွှေဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်းတွေကို စစ်အုပ်စုလက်အောက်ခံ ရွှေနဲ့ငွေကြေးစျေးကွက် စောင့်ကြည့်ကြပ်မတ်ရေးလုပ်ငန်း ကော်မတီက ဦးဆောင်ကာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ငွေကြေးခဝါချမှုနဲ့ ရွှေစျေးကစားရင် အရေးယူတာတွေ လုပ်ဆောင်မယ်ဆိုတာ ပြောဆိုသွားတယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
“ အဓိကတော့ ရွှေစျေး တက်နေတာကို ထိန်းချင်တာလည်း ပါသလို ရွှေစျေးကစားနေတဲ့သူတွေနဲ့ တရားမဝင် လုပ်နေတဲ့ ကိစ္စတွေကို တားချင်တာလည်း ပါမှာပေါ့၊ သူတို့ စစ်လို့ဥပဒေနဲ့မညီရင် အရေးယူမယ်ဘာညာ ပြောဆိုသွားတာပေါ့ “ လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်လုပ်ငန်းတွေကို စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်၊ ထွေအုပ်၊ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက ပူးပေါင်းပြီး စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။
အဲဒီလို စစ်ဆေးတဲ့နေရာမှာ ပြည်ပနဲ့ တရားမဝင် ရွှေတင်သွင်းတာ၊ တင်ပို့တာတွေအပြင် တရားမဝင်ငွေလွှဲလုပ်ငန်းတွေကို တွေ့ရှိခဲ့တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
“ ကျွန်တော်တို့ သိရသလောက်တော့ လောလောဆယ် အရေးယူတာဘာညာတော့ မကြားမိသေးဘူးပေါ့၊ ရွှေလုပ်ငန်းတွေ ငွေလဲလုပ်ငန်းတွေကတဆင့် သူတို့ကို တော်လှန်နေတဲ့ သူတွေရဲ့ ငွေကြေးစီးဆင်းမှုကို တားဆီးချင်တာလည်း ပါလိမ့်မယ်၊ စစ်တာဆေးတာတွေကတော့ ကြားတယ်၊ ဘယ်လောက်အထိ အရေးယူမယ်ဆိုတာမျိုးတော့ မသိသေးဘူး “ လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီလို စစ်ဆေးမှုတွေရှိနေပေမယ့် ပြည်တွင်းရွှေစျေးနှုန်းက ကျဆင်းလာမှု မရှိသေးဘဲ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သလို လက်ရှိ ပြင်ပရွှေစျေးနှုန်းက ကျပ် ၃၁ သိန်းကျော်အထိ ရှိနေတယ်လို့ ရွှေစျေးကွက်အတွင်းက သိရပါတယ်။
စစ်အုပ်စုက ရွှေဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်းတွေကို ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ဆေးတာတွေ လုပ်နေပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးဥပဒေ အပါအဝင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အရေးယူမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတာပါ။
ဓာတ်ပုံ – Google